ဇရပ်ကြီး၊ ဒါးဒေါက်ရွာတွင် စစ်ကောင်စီတပ်ထောင်ထားသည့် နင်းမိုင်းပေါက်ကွဲပြီး ဒေသခံ ၁ ဦး ဒဏ်ရာရ

By MPM 21 စက်တင်ဘာ, 2024 👁

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးဒေသအနောက်ခြမ်း၊ ဒါးဒေါက်ရွာတွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်နေ့က ရေဘေးရှောင်ပြန်သူဒေသခံအမျိုးသား ၁ ဦး စစ်ကောင်စီတပ်ထောင်ထားသည့် နင်းမိပေါက်ကွဲပြီး ခြေထောက်ပြတ်ထွက်ဒဏ်ရာရရှိခဲ့ကြောင်း နီးစပ်ရာဒေသခံများပြောဆိုမှုအရ သိရသည်။

“ဇရပ်ကြီးမှာရေတက်လာတော့ ခိုလှုံတဲ့နေရာတွေ မရှိဘူးလေ။ စစ်တပ်က ပိတ်ထားတဲ့လမ်းကို ပြန်ဖွင့်ပေးတယ် ဆိုပေမယ့်လည်း မိုင်းမထောင်ထားတဲ့ နေရာတွေပါပဲ။ မိုင်းရှိတဲ့နေရာတွေကိုက ဝါးတွေ၊ ခုံတွေနဲ့ တားထားတယ်။ သူ့အိမ်က အဲဒီကန့်သတ်တဲ့နယ်မြေထဲမှာပါတယ်။ ပြန်နေတဲ့နေ့ကပဲ သူ့အိမ်နားမှာထိတာ။ ခြေထောက်တဖက် ပြတ်သွားတယ်” ဟု မိုင်းထိသူနှင့်နီးစပ်သည့် ဒေသခံအမျိုးသားက ပြောသည်။

ဒါးဒေါက်ကျေးရွာအုပ်စုအတွင်းနေထိုင်သည့် မိုင်းထိသူအမျိုးသားသည် ၎င်းတို့သွားရောက်စစ်ရှောင်နေထိုင်သည့် ဇရပ်ကြီးမြို့ပေါ်တွင် စက်တင်ဘာလတတိယပတ်မှစ၍ ရေကြီးရေလျှံမှု ဖြစ်ပွားလာတာကြောင့် မိမိနေရပ်အိမ်သို့ ပြန်လာစဉ်တွင် အိမ်ခြံစည်းရိုးနံဘေး စစ်ကောင်စီတပ်ကထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိကာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု အဆိုပါနီးစပ်သူက ပြောဆိုသည်။

မိုင်းထိဒဏ်ရာရရှိသူအမျိုးသားအား အိမ်းနီးချင်းနီးစပ်ရာတို့က ဝိုင်းဝန်းကူညီလုပ်ဆောင်ခဲ့သော်လည်း စစ်ကောင်စီက ဟန့်တားပြောဆိုမှုများရှိခဲ့သလို တောင်ငူဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ရန်လည်း လမ်းရေကျော်နေသဖြင့် နီးစပ်ရာထန်းတပင်မြို့ဆေးရုံသို့ မော်တော်ယာဥ်အဆင့်ဆင့်ဖြင့် ပို့ဆောင်ကုသခဲ့ရကြောင်း သိရသည်။

ဩဂုတ်လဆန်းပိုင်းက စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ဇရပ်ကြီး – ကင်မွန်းခြုံလမ်းမကြီးအား ပိတ်ဆို့မှုများလုပ်ခဲ့ပြီး လက်ရှိအထိ ၎င်းတို့ထောင်ထားခဲ့သည့် နင်းမိုင်းများကို ပြန်မဖော်သည့်အပြင် မိုင်းရှိသည့်နေရာတဝိုက်ကိုလည်း မြင်သာသည့် သတိပေးလုပ်ဆောင်မှုမရှိသောကြောင့် ယခုလိုမိုင်းပေါက်ကွဲမှုဖြစ်ပွားရကြောင်း ဒေသခံများက ဝေဖန်ပြောဆိုကြသည်။

စက်တင်ဘာ ၁၉ ရက်နေ့ကလည်း ဒါးဒေါက်ရွာလမ်းနံဘေး ကျက်စားနေသည့် အိမ်မွေးနွားမတစ်ကောင်လည်း နင်းမိုင်းမိကာ မိုင်းနှစ်လုံး ဆက်တိုက်ပေါက်ကွဲတာကြောင့် သေဆုံးခဲ့ကြောင်း မျက်မြင်တွေ့ရှိသည့် ဒါးဒေါက်ရွာခံတို့၏ ပြောပြချက်အရ သိရသည်။

ထို့အတူ လမ်းပိုင်းသွားလာခွင့် ပိတ်ဆို့ထားစဥ်က ဇရပ်ကြီးအနောက်ဘက်ရွာမှ မြို့ပေါ်သို့ ဈေးဝယ်လာသူ အမျိုးသားတစ်ဦး စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် သေဆုံးခဲ့ရသလို အလောင်းကောက်ယူခွင့်မရဖြစ်ဖူးခဲ့သည်ဟု ဇရပ်ကြီးဒေသခံများက ပြောဆိုသည်။

KIC ပေးပို့သည်။