ဇရပ်ကြီး၊ ကင်မွန်းခြုံတွင် စစ်ကောင်စီက ဂိတ်ချပိတ်ဆို့မှုကြောင့် ဒေသခံများ နေရပ်မပြန်နိုင်ကြသေး

By MPM 19 ဖေ‌ဖော်ဝါရီ, 2025 👁 6

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့အနောက်ဘက်ရှိ ကင်မွန်းခြုံရွာအတွင်း လမ်းမနှင့် လမ်းပိုင်းအချို့တွင် စစ်ကောင်စီတပ်က ဂိတ်များအထိုင်ချကာ ပိတ်ဆို့တားမြစ်ထားတာကြောင့် နေရပ်မပြန်နိုင်သေးကြကြောင်း ၆ လကျော်ကြာစစ်ဘေးရှောင်တိမ်းနေရသည့် ကင်မွန်းခြုံရွာခံများက ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လက စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီက ကင်မွန်းခြုံရွာလမ်းမကြီးနှင့် တချို့လမ်းပိုင်းများတွင် ဂိတ်များချ၍ ဝင်/ထွက်ခွင့်ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့လမ်းပိုင်းများအား သွားလာခွင့် ပိတ်ပင်ထားတာကြောင့် ကင်မွန်းခြုံရွာဝန်းကျင်ရှိ သိမ်ကုန်း၊ ရှမ်းစု၊ မွန်ကုန်း၊ ရွှေပုဂံ၊ ဒိုးတန်း၊ ရွှေကျင်စု စသည့်ကျေးရွာများမှ ဒေသခံများသည် စစ်ရှောင်နေရာမှ မိမိနေရပ်သို့ မပြန်နိုင်ဘဲ လက်ရှိအချိန်ထိ ယာယီတိမ်းရှောင်ရာ နေရာတွင်နေကြရသည်ဟု ပြောဆိုကြသည်။

ရှမ်းစုအပိုင်းနေ ရွာခံတစ်ဦးက “တိုက်ပွဲကတော့ မဖြစ်တော့ဘူး။ သူတို့တွေ (စစ်ကောင်စီ) ရှိနေလို့သာ ပြန်မရတာ။ သူတို့က ကင်မွန်းခြုံတစ်ခုလုံးကို ပိတ်တာတော့ မဟုတ်ဘူး။ မိန်းလမ်းမနဲ့ နီးတဲ့နေရာတွေ၊ တချို့ သူတို့သတ်မှတ်ထားတဲ့ လမ်းပိုင်းတွေမှာ ဂိတ်ထားတယ်၊ ပိတ်တယ်။ တခေါက်က ကိုယ့်အိမ်ကိုယ်ပြန်တာ သူခိုးလိုပဲ၊ အနောက်လမ်းက ပတ်ဝင်ခဲ့ရတယ်” ဟု ပြောသည်။

ထို့အပြင် စစ်တပ်က ပိတ်ထားသည့်လမ်းပိုင်းရှိ နေအိမ်နှင့် ဈေးဆိုင်အချို့တို့မှ ပစ္စည်းများကို ခိုးယူ၊ ဖောက်ယူနေကြသလို စစ်ကောင်စီတပ်က တချို့နေအိမ်အတွင်း တက်ရောက်နေထိုင်မှုလည်း ရှိနေသည်ဟု ကင်မွန်းခြုံရွာခံတို့က ပြောဆိုသည်။

နေအိမ်မပြန်နိုင်သေးသည့် ရွာခံတချို့မှာ ဇရပ်ကြီးနှင့် တောင်ငူမြို့ပေါ်သို့ အရှောင်တိမ်းနေထိုင်ကြရပြီး ဇာတိရွာတွင် ကျန်ရစ်ခဲ့သည့် အသက်မွေးလုပ်ငန်းများကိုလည်း ကောင်းမွန်စွာ မလုပ်ကိုင်နိုင်တော့သဖြင့် ရေရှည်၌ စားဝတ်နေထိုင်ရေး အခက်အခဲဖြစ်နေကြောင်း ပြောဆိုကြသည်။

“ကျမတို့က လယ်ပဲလုပ်တာလေ၊ ရွာမှာရေကြီးတုန်းက လယ်ကရေနစ်၊ အခုလို အိမ်က မပြန်နိုင်တော့ ဘာမှ မရလိုက်ဘူး။ အရင်းတွေလည်း ဆုံးကုန်တယ်။ စစ်စရှောင်ရကတည်း ကင်မွန်းခြုံ လူမရှိတဲ့အိမ်တွေမှာ ဟိုအိမ် ဖောက်ခံရ ဒီအိမ်ဖောက်ခံရနဲ့ ကြားတာ။ ကျမတို့အိမ်မှာလည်း ရှိတာတွေ ဖောက်ယူကုန်ပြီး အခွံပဲ ကျန်တော့ တယ်။” ဟု ကင်မွန်းခြုံရွာခံအမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ် မိုးစပါးရိတ်သိမ်းချိန်တွင် ကင်မွန်းခြုံသို့ ဖြတ်သန်းသွားလာခွင့်ကို ပိတ်ပင်ထားသည့် စစ်ကောင်စီ တပ်က စပါးရိတ်ရန်အတွက်ပင် ပေးမပြန်ဘဲ ဂိတ်ဖြတ်သန်းသွားလာခများ ကောက်ခံခဲ့သည့် ဖြစ်စဥ်များလည်း ရှိခဲ့သည်ဟု ကင်မွန်းခြုံရွာခံများက ပြောသည်။

ထို့အတူ တိုက်ပွဲဖြစ်ပြီးကာစ နယ်မြေမငြိမ်မသက်သည့်ကာလအတွင်း ဇရပ်ကြီးအနောက်ခြမ်းမှ မြို့ပေါ်သို့ သွားလာသည့် အရပ်သားတချို့အား စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဟု စွပ်စွဲသတ်ဖြတ်သည် အထိ လုပ်ဆောင်ခဲ့သလို ပြီးခဲ့သည့် စက်တင်ဘာလက ကင်မွန်းခြုံနေအမျိုးသားတစ်ဦး မိမိခြံဝင်းအတွင်း မိုင်းနင်းမိ၍ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သေးသည်။

KIC ပေးပို့သည်။