မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်ရှိ ကျောက်ထုအမြောက်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် အနီးဝန်းကျင်ကျေးရွာရှိ ဒေသခံကျေးရွာသားတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများက ပြောဆိုသည်။
ကျောက်ထုအမြောက်တပ်မှ ပစ်ခတ်သည့် ၁၂၀ မမ လက်နက်ကြီးသည် ကြန်တောရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အနီးဝန်းကျင်ကျေးရွာရှိ ဦးသိန်းဝင်း၊ ဦးဝင်းအောင်နှင့် ဒေါ်ခင်သန်းအေး စသည့် ဒေသခံ ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ဦးဝင်းအောင်ကို ဆေးရုံသို့ပို့ဆောင်နေစဉ် သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။
ကျောက်ထုအမြောက်တပ်မှ ဇူလိုင် ၁၇ ရက်၊ ညပိုင်းတွင် ၁၂၀ မမ လက်နက်ကြီးကို အသုံးပြုပြီး တစ်ကြိမ်ကို ၃ လုံးနှုန်းဖြင့် အနောက်တောင်၊ အနောက်၊ အနောက်မြောက်ဘက်များသို့ ၁၇ ချက်ခန့် ပစ်ခတ်ခဲ့ကြောင်း ယောအလင်းတန်းထံမှ သိရသည်။
ယောအလင်းတန်းမှ ကိုအောင်ကြီးက “အမှန်တော့ ဒီကြန်တောတို့၊ ကံကြီးတို့ဆိုတာ စစ်ရှောင်နေရတဲ့ ကျေးရွာတွေပေါ့။ ဒါပေမဲ့ လက်ရှိမှာ ကောက်စိုက်၊ စပါးစိုက်ချိန်ဆိုတော့ တောင်သူတွေဆိုတော့ လာလုပ်နေ ကြတာမျိုးပေါ့။ ညဘက်တွေဆိုရင် အပေါ်ထပ်မှာ အိပ်တာမျိုးမဟုတ်ဘဲနဲ့ အောက်ထပ်လက်နက်ကြီးဒဏ် ခံနိုင်တဲ့ နေရာမျိုးတွေမှာအိပ်ဖို့ ပြောချင်ပါတယ်” ဟု ပြောဆိုသည်။
ကျောက်ထုအမြောက်တပ်က ဇူလိုင် ၁၅ ရက်မှ စတင်ပြီး သုံးရက်ဆက်တိုက် လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းဖြစ်ပြီး ဇူလိုင် ၁၆ ရက်တွင်လည်း တင့်ကားဖြင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပန်းဆန်ရွာ စာသင်ကျောင်းအတွင်း ကျည်ကျရောက် ပေါက်ကွဲခဲ့သည်။ ထိုသို့ပေါက်ကွဲမှုကြောင့် နွားတစ်ကောင်သေဆုံးခဲ့ပြီး စာသင်ကျောင်း ပျက်စီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ကျောက်ထုအမြောက်တပ်ကနေ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၀ ဦးဝန်းကျင် ရှိလာသည့်အပြင် ၂၀၂၄ ခုနှစ်အတွင်း CDM ဆရာမတစ်ဦးနှင့် ကလေးငယ်တို့ သေဆုံးခဲ့ရသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်တွင်လည်း ဂန့်ဂေါမြို့နယ် ခ.လ.ရ ၅၀ က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် လာပို့ရွာသား ၂ ဦး သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။
သံလွင်တိုင်းမ် ပေးပို့သည်။