ဆောမြို့က သက်ငယ်မုဒိမ်း ကျူးလွန်သူကို NUG တရားရုံး သေဒဏ်ချမှတ်

By MPM 7 ဧပြီ, 2026 👁 3

မကွေးတိုင်း ဂန့်ဂေါခရိုင် ဆောမြို့က သက်ငယ်မုဒိမ်းမှု ကျူးလွန်သူကို အမျိုးသားညီညွတ်ရေးအစိုးရ NUG မြို့နယ်တရားရုံးက သေဒဏ်ချမှတ်လိုက်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အသက် ၁၃ နှစ်အရွယ် ကလေးငယ်ကို သက်ငယ်မုဒိမ်းမှုကျူးလွန်ပြီး လူသတ် အလောင်းဖျောက်ခဲ့တဲ့ တရားခံ မင်းမင်းစိုးကို သေဒဏ်ကျခံစေဖို့ NUG ရဲ့ဆောမြို့နယ် တရားရုံးက ဧပြီ ၂ ရက်မှာ အမိန့်ချမှတ်ခဲ့တာပါ။

“အမှုတွဲကို (တရားရေး) ပြည်ထောင်စု၀န်ကြီးဆီကို တစ်ပတ်အတွင်း ပို့ရတယ်လို့ သိရပါတယ်။ ပြည်ထောင်စု၀န်ကြီးက ဒီစီရင်ချက်အပေါ် သင့်လျော်မှု ရှိ၊မရှိကို ပြန်လည်သုံးသပ်စစ်ဆေးမှာပါ။ သင့်လျော်မှုရှိတယ်ဆိုရင်တော့ ဆက်လက်ဆောင်ရွက်ရမယ်လို့ သိရပါတယ်” လို့ ယောအလင်းတန်းက ကိုအောင်ကြီးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

တရားခံ မင်းမင်းစိုးအပေါ် သေဒဏ်ချမှတ်မှုဟာ NUG အနေနဲ့ သက်ငယ်မုဒိမ်းမှုအတွက် ပထမဆုံး ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး အတည်ပြုတာအပါအဝင် ကိစ္စအားလုံးကို ၃၈ ရက်အတွင်း လုပ်ဆောင်ရမယ်လို့သိရပါတယ်။

တရားခံ မင်းမင်းစိုးကို NUG ရဲ့ ဆောမြို့နယ်တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆၊၃၀၂၊၂၀၁ တို့ဖြင့် ၅ လကျော်ကြာ ကြားနာစစ်ဆေးခဲ့ပြီး ဧပြီ ၂ ရက်မှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၁)(ဂ) အရ သေဒဏ်ချမှတ်ခဲ့တာပါ။

အသက် ၂၁ နှစ်အရွယ် မင်းမင်းစိုးဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၁ ရက်က တစ်ရပ်ကွက်တည်းနေ ရင်းနှီးသူမိသားစုမှ အသက် ၁၃ နှစ်အရွယ် ကလေးငယ်ကို မိသားစုထံကခေါ်ယူပြီး လူသတ်မုဒိမ်းမှု ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။

မုဒိမ်းကျင့် သတ်ဖြတ်ခံရသူ ကလေးငယ်ရဲ့ အလောင်းကိုတော့ ဆောမြို့နယ် ဆေးရုံဝင်းအတွင်းက ဝန်ထမ်းအိမ်ရာတစ်ခုမှာ အောက်တိုဘာ ၂၅ ရက်က ပုပ်ပွလျက် ပြန်လည်တွေ့ရှိခဲ့တာပါ။

၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၆ ရက်မှာလည်း တရားခံ မင်းမင်းစိုးကို သေဒဏ်ပေးဖို့ ဆောမြို့ကပြည်သူတွေက ဆန္ဒဖော်ထုတ်ခဲ့ကြပါသေးတယ်။

သံလွင်တိုင်းမ်