မကွေးတိုင်း၊ ဆောမြို့နယ်တွင် မတ်လ ၇ ရက်နေ့ နေ့လည်ပိုင်းက ကျောက်ထုအမြောက်တက်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ကလေးငယ် ၁ ဦးသေဆုံးပြီး အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံများက ပြောပါသည်။
“ကလေးလေးကတော့ ဆုံးသွားပြီ။ လက်နက်ကြီးနဲ့ ၇ ချက်လောက် ပစ်ခံရတာ။ အမျိုးသမီးက ပေါင်မှာ ဒဏ်ရာရသွားတယ်” လို့ ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီကျောက်ထုအမြောက်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့တာကြောင့် ကြံတောရွာနှင့် ကံကြီးရွာဘက်တို့တွင် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ကြောင်း ဒေသခံများက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီတပ်က ကျေးရွာများကို စစ်ကြောင်းထိုး မဝင်ရောက်ခင် လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်မှုများကို အရင်ဆုံး လုပ်ဆောင်လေ့ရှိတာကြောင့် ဒေသခံပြည်သူများကြား စိုးရိမ်မှုများ ရှိနေကြတယ်လို့ ပြောဆိုပါသည်။
ယခု ၂၀၂၄ ခုနှစ်အတွင်း ဂန့်ဂေါခရိုင်တွင် စစ်ကောင်စီလက်နက်ကြီးကြောင့် အရပ်သား ၂၀ ဝန်းကျင် သေဆုံးခဲ့ကြောင်း သိရှိရသည်။
ယင်းအပြင် စစ်ကောင်စီက ဂန့်ဂေါခရိုင်တွင် လူအင်အားနှင့် လက်နက်အင်အားများ ဖြည့်တင်းနေပြီး ဂန့်ဂေါ၊ မြောက်ခင်ရန်းရွာက ပျူစောထီးများကိုလည်း ကလေးမြို့ဘက်ကို ပို့ဆောင်တာတွေ ရှိနေတယ်လို့ ဒေသခံများက ပြောဆိုသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကြောင့် သေဆုံးသူ ၅ ထောင်နီးပါးအထိ ရှိလာပြီဖြစ်ပြီး သေဆုံးသူများထဲတွင် အမျိုးသမီးနှင့် ကလေးသူငယ်များ အများဆုံးပါဝင်နေတယ်လို့ လွတ်လပ်သည့် အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
သံလွင်တိုင်းမ် ပေးပို့သည်။