ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီး စစ်ကောင်စီ ပူးပေါင်းတပ်ဘက်က ၂၀ ဦး သေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိထားသည်ဟု ရှေ့တန်းသတင်းအရင်းအမြစ်များက ပြောသည်။
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNA) နှင့် ပအိုင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA)၊ ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ် (PNDF-KK) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောသည်။
ရှေ့တန်းမြေပြင် သတင်းအရင်းအမြစ်တစ်ဦးက “၂၀ ရှိတယ်ဆိုတာက အလောင်းတွေနဲ့ အတည်ပြုတာပါ။ ဒီထက်လည်း များနိုင်ပါတယ်။ လောလောဆယ် နယ်မြေမရှင်းရသေးတော့ အတိအကျ မထွက်သေးဘူး။ နယ်မြေရှင်းပြီးရင် ဒီထက် များနိုင်ပါတယ်” ဟု ပြောသည်။
ဆီဆိုင်မြို့နယ်ရှိ လွယ်ထွယ်နှင့် လွယ်သောင်ကျေးရွာများတွင် ဩဂုတ်လ ၆ ရက်နေ့၊ နံနက် ၈ နာရီခန့်က စတင်ပြီး တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာခြင်း ဖြစ်သည်။
တိုက်ပွဲအတွင်း သေနတ် ၁၁ လက် သိမ်းဆည်းရမိခဲ့သည့်အပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦးကိုလည်း အရှင် ဖမ်းမိထားပြီး မဟာမိတ်ပူးပေါင်းတပ်များဘက်က အထိခိုက်အကျဆုံးမရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့သည်ဟု ဆိုသည်။
လတ်တလောတွင် ဖမ်းမိထားသည့် စစ်သုံ့ပန်း ၂ ဦးအား မေးမြန်း စစ်ဆေးလျက်ရှိပြီး ဒဏ်ရာရရှိမှုအခြေအရ သေဆုံးနိုင်သည်ဟု မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူများက ခန့်မှန်းပြောသည်။
“အရင်တခါက ဗမာစစ်သားတွေ ထွက်ပြေးတာ။ ဒီတခါက PNO တွေ ပြေးတာ။ သေတာ အများစုက PNO တွေ။ လိုအပ်တာဆိုရင်တော့ ကျည်ကာရင်ခံ၊ ကျည်ကာဦးထုပ်၊ ကျည်ဆံတွေ လိုတယ်။ ကမ်ပိန်းတွေမှာ ပါဝင်ပေးစေ ချင်ပါတယ်” ဟု ရှေ့တန်း စစ်မြေပြင်အရင်းအမြစ်တစ်ဦးက ဆက်ပြောသည်။
စစ်ကောင်စီပူးပေါင်းတပ်များက ပြန်လည်ဆုတ်ခွါပြီးနောက် လွယ်သောင်ကျေးရွာတွင် အရပ်သားတချို့ကို ဖမ်းဆီးကာ ဓါးစာခံလုပ်ထားသည့်အပြင် ကျေးရွာများဘက်သို့လည်း ဟောင်ဝှစ်ဇာလက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်း သိရသည်။
PNDF တပ်ဖွဲ့အား စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ဦးဆောင် မှုဖြင့် တောင်ပေါ်ဒေသကိုယ်စားပြု PNDF-KK နှင့် မြေပြန့်ဒေသ PNDF-KD ဟူ၍ တပ်ရင်း ၂ ခုဖြင့် ဖွဲ့စည်းခဲ့ပြီး ပအိုဝ်းဒေသများအတွင်း PNLA နှင့်အတူ စစ်ရေး လှုပ်ရှားလျက်ရှိသည်။
NMG ပေးပို့သည်။