စေတုတ္တရာတွင် စစ်ကောင်စီက စက်တပ်လေထီးနှင့်ဗုံးကြဲလို့ ကလေး ၁ ဦးအပါအဝင် ၈ ဦး သေဆုံး

By MPM 24 ဖေ‌ဖော်ဝါရီ, 2025 👁 5

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ် မုံညှင်းကျေးရွာကို စစ်ကောင်စီက စက်တပ်လေထီးနှင့် ဗုံးကြဲခဲ့သည့်အတွက် ၃ နှစ် အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ၈ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၃ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က စက်တပ်လေထီးဖြင့် နှစ်ကြိမ် ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး ပြည်သူ ၈ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။

ဒေသခံတစ်ဦးက “အခု သူတို့ကြဲတဲ့နေရာက တောင်သူတွေပဲနေတာ။ တဲအိမ်လေးတွေ စုပြီးတော့ နေတာကို တမင်သက်သက် ကြဲသွားတာ။ တဲအိမ်လေးတွေက ကပ်နေတာဆိုတာ အထိအခိုက်များတယ်” ဟု ပြောသည်။

မုံညှင်းကျေးရွာအနီးရှိ မင်းလမ်းတဲအိမ်စုသည် တောင်သူများ စုပေါင်းယာလုပ်ကိုင်နေသည့် နေရာဖြစ်ပြီး တစ်အိမ်နှင့်တစ်အိမ် ထိစပ်နေသည့်အတွက် ကျေးရွာငယ်ပုံစံ ဖြစ်နေကြောင်း သိရသည်။

ယခုလို စက်ကောင်စီက စက်တပ်လေထီးနှင့် ဗုံးကြဲမှုကြောင့် နေအိမ် ၁၀ လုံးထိခိုက်ပြီး ၃ လုံးမှာ လုံးဝပျက်စီး သွားသည့်အပြင် နွား ၂၄ ကောင် သေဆုံးခဲ့သည်ဟု ဒေသခံတို့က ပြောဆိုသည်။

စစ်ကောင်စီက ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်နေ့ကလည်း ပွင့်ဖြူ – စေတုတ္တရာအစပ်ရှိ ရေရင်ကျေးရွာကို စက်တပ်လေထီးနှင့် ဗုံးကြဲခဲ့သည့်အတွက် နေအိမ်တစ်လုံး မီးလောင်ကာ လူနှင့်နွားများ ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။