စလင်းမြို့နယ်တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာ ၁ ပါး ပျံလွန်တော်မူ

By MPM 24 မတ်, 2025 👁 7

မကွေးတိုင်း၊ စလင်းမြို့နယ် ဂွေးကုန်းငသန်ခေါင်းရွာ ရွှေစာရံဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် သံဃာတစ်ပါး ပျံလွန်တော်မူခဲ့ကြောင်း ဒေသခံများက ပြောသည်။

မတ် ၂၄ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် ရွှေစာရံဘုန်းကြီးကျောင်းကို စစ်ကောင်စီက ပေါင် ၃၀၀ ဗုံးဖြင့် ကြဲခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

“သူတို့က မနေ့ (မတ် ၂၃ ရက်) ကတည်းက စစ်ကြောင်းထိုးဖို့ လုပ်နေတာ။ ကြားထဲမှာ လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်တာတွေလည်းရှိတယ်။ လေယာဉ်နဲ့ကတော့ မကြာမကြာကို လာပစ်နေတော့တာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ပစ်ခတ်မှုအပြီး မွန်းလွဲ ၂ နာရီဝန်းကျင်တွင် လေယာဉ်ပေါ်မှ စက်သေနတ်များဖြင့် တကြိမ် လာရောက်ပစ်ခတ်ခဲ့ရာ၌ ဒေသခံပြည်သူများ ထိခိုက်မှုတို့ရှိသော်လည်း စာရင်းအတိအကျ မသိရှိရသေးပေ။

ပြီးခဲ့သည့် မတ် ၂၁ ရက်တွင်လည်း စလင်းမြို့နယ် ကင်ပွန်းခြုံရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ပစ်ခတ် ခဲ့သည့်အတွက် ၁ ဦး သေဆုံးပြီး ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သေးသည်။

သံလွင်တိုင်းမ် ပေးပို့သည်။