မကွေးတိုင်း၊ စလင်းနှင့် ပွင့်ဖြူမြို့နယ်တို့တွင် စစ်မှုထမ်းအတွက် စစ်ကောင်စီလက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ပြည်သူများထံမှ ထောက်ပံ့ကြေး ထပ်မံကောက်ယူနေကြောင်း ဒေသခံများက ပြောဆိုသည်။
စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူမည့် ကာလကို အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ သတ်မှတ် ထားပြီး ကောက်ယူပြီးစီးသည့် ရွာများတွင် ချက်ချင်း စစ်မှုထမ်းထောက်ပံ့ကြေး ကောက်ယူနေခြင်းဖြစ်ကြောင်း ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။
ပွင့်ဖြူမြို့နယ်နေ ဒေသခံတစ်ဦးက “ကျွန်မတို့ရွာက အုပ်ချုပ်ရေးမှူးက အတော်ဆိုးပါတယ်။ သန်းခေါင်စာရင်းလည်း ကောက်တယ်။ ကောက်ပြီးတာနဲ့ စစ်မှုထမ်းအတွက်ဆိုပြီး ပိုက်ဆံကောက်တယ်။ ပေးစရာလည်း မရှိတော့ပါဘူး” ဟု ပြောသည်။
သန်းခေါင်စာရင်းနှင့် စစ်မှုထမ်း ထောက်ပံ့ကြေးကောက်ယူသည့် အုပ်ချုပ်ရေးမှူးများသည် ကာကွယ်ရေးအဖွဲ့များ လှုပ်ရှားသည့်နေရာများနှင့် အလှမ်းဝေးသည့်နေရာများက ဖြစ်ကြောင်း သိရသည်။
စစ်မှုထမ်းအတွက် ထောက်ပံ့ကြေးကောက်ခံရာတွင် တစ်အိမ်ထောင်လျှင် ကျပ် ၃၀,၀၀၀ မှ ကျပ် ၁၅၀,၀၀၀ အထိ ကောက်ယူမှုများရှိပြီး မပေးနိုင်သည့်အိမ်များသည် စစ်မှုထမ်းအတွက် မဲနှိုက်ကြရကြောင်း ဒေသခံများက ပြောသည်။
ပွင့်ဖြူမြို့ပေါ်နှင့် နီးစပ်သည့် အင်းဒေါင်း၊ ကျောင်းကုန်းကြီး၊ သာဂရ အစရှိသည့် ကျေးရွာများမှာ အင်းဒေါင်းက ကျပ် ၅၀,၀၀၀၊ ကျောင်းကုန်းကြီးက ၁၅၀,၀၀၀ ကျပ်နှင့် သာဂရက ၃၀,၀၀၀ ကျပ် ပေးရကြောင်း သိရသည်။
စလင်းမြို့ပေါ်နှင့် နီးစပ်သည့် ကျေးရွာများတွင်လည်း တစ်အိမ်ထောင်လျှင် ကျပ် ၂၀,၀၀၀ မှ ၅၀,၀၀၀ ကျပ်အထိ ပေးရခြင်းမျိုးလည်းရှိကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။
ယခုတကြိမ် စစ်မှုထမ်းထောက်ပံ့ကြေး ကောက်ယူမှုသည် သုံးကြိမ်မြောက်ဖြစ်ပြီး လေးကြိမ်မြောက်အတွက် မကြာခင် ကောက်ယူမည့်အကြောင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ကြေညာအသိပေးထားသည်ဟု ဆိုသည်။
သံလွင်တိုင်းမ် ပေးပို့သည်။