စလင်းတွင် စစ်ကောင်စီစစ်ကြောင်းထိုးလာလို့ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေ

By MPM 15 ဩဂုတ်, 2024 👁

မကွေးတိုင်း စလင်းမြို့နယ်တွင် သြဂုတ်လ ပထမပတ်မှစတင်၍ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထိုးလာတာကြောင့် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေကြောင်း မင်းဘူးခရိုင် ပကဖတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“အဓိက,ကတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေ စိုးမိုးတဲ့နေရာတွေကို သူတို့အင်အားအလုံးအရင်းနဲ့ ထိုးဖောက်ဖို့ ကြိုးစားတာပေါ့။ ဘယ်လောက်ပဲ ကြိုးစားကြိုးစား သူတို့တွေ ပြန်ဆုတ်သွားရတာပါပဲ” ဟု မင်းဘူးခရိုင် ပကဖ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုအညာသားက ပြောသည်။

စစ်ကောင်စီတပ်ဘက်က သံချပ်ကာကား၊ လက်နက်ကြီးများကို အသုံးပြုပြီး အင်အားအလုံးအရင်းနှင့် တိုက်ခိုက်ခဲ့ သော်လည်း ပြီးခဲ့သည့် သြဂုတ် ၁၃ ရက်တွင် စစ်ကြောင်းနောက်ပြန်ဆုတ်သွားကြောင်း မင်းဘူးခရိုင်ပကဖထံမှ သိရသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ဒဏ်ရာရသူများရှိခြင်း၊ အထိနာသည့်အတွက် အင်အားဖြည့်မှုမျိုး ပြုလုပ်ခဲ့သည့်အတွက် ထိခိုက်ကျဆုံးမှုကို အတည်မပြုနိုင်သေးကြောင်း မင်းဘူးခရိုင်ပကဖက ပြောဆိုသည်။

ပြီးခဲ့သည့်သြဂုတ် ၁၂ ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်က ဗိုလ်အဆင့်ရှိသူတစ်ဦးအပါအဝင် ၄ ဦး သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ – စလင်းမြို့နယ်မှ ရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်း စလင်းပကဖက သတင်းထုတ်ပြန် ထားသည်။

စလင်းပကဖ၏ ထုတ်ပြန်ချက်အရ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်း-ပကဖ) နှင့်အတူ မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေးအဖွဲ့၊ ဂန့်ဂေါခရိုင် တပ်ရင်း – ၃၊ သရက်ခရိုင်တပ်ရင်း – ၁ နှင့် နယ်စည်းမခြားအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။