စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်အာဏာရှင် သက်ဆိုးရှည်စေမည့် နိုင်ငံရေးထောင်ချောက်ဟု BNI ပြော

By MPM 10 ဧပြီ, 2026 👁 3

စစ်ကော်မရှင်က ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ် အတုအယောင် ရွေးကောက်ပွဲသည် တိုင်းရင်းသားပြည်သူများ၏ ကိုယ်စားပြုမှုကို လုံးဝဖော်ဆောင်နိုင်ခြင်းမရှိဘဲ ‘စစ်အာဏာရှင် သက်ဆိုးရှည်စေရန် အကွက်ကျစီစဉ်ထားသည့် နိုင်ငံရေးထောင်ချောက်’ ဖြစ်သည်ဟု နိုင်ငံတကာမြန်မာ့သတင်း (BNI) က ဝေဖန်ထောက်ပြလိုက်သည်။

ဧပြီလ ၆ ရက်နေ့က ထုတ်ပြန်သည့် “ရွေးချယ်ခွင့်မဲ့ မဲဆန္ဒရှင်များ – မြန်မာနိုင်ငံရှိ တိုင်းရင်းသားဒေသများရှိ ရွေးကောက်ပွဲဆိုင်ရာဖြစ်ရပ်များဆန်းစစ်ခြင်း” အစီရင်ခံစာ မိတ်ဆက်ပွဲတွင် BNI က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစီရင်ခံစာအရ စစ်ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာရသူ (IDP) များပြားခြင်းနှင့် စစ်အုပ်ချုပ်ရေး နယ်မြေအချို့တွင် မဲဆန္ဒနယ်များ ပယ်ဖျက်ခံရခြင်းတို့ကြောင့် ချင်း၊ ကချင်၊ ရှမ်း၊ ကရင်နီ၊ မွန်နှင့် ကရင်ပြည်တို့ရှိ မြို့နယ်အများစုတွင် မဲပေးမှုနှုန်းမှာ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းဝန်းကျင်သာ ရှိခဲ့သည်။

BNI ၏ မူဝါဒရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးကိုကိုဇော်က “ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ သတ်မှတ်ထားတဲ့ ဥပဒေတွေက ယှဉ်ပြိုင်တဲ့ ပါတီတွေအတွက် အားလုံး ဒုက္ခရောက်စေအောင် ဘာမှလုပ်လို့မရနိုင်အောင် လုပ်ခဲ့တဲ့ အခြေအနေမျိုးတွေ ရှိပါတယ်။ တိုင်းရင်းသားပြည်သူ အကုန်လုံးကိုလည်း ရွေးကောက်ပွဲ နှောင့်ယှက်ဖျက်စီးဟန့်တားသူများ ဥပဒေတွေနဲ့ ဖမ်းဆီးထောင်ချခဲ့တာလည်း ၄၀၀ ကျော်လောက်ရှိမယ်” ဟု ရွေးကောက်ပွဲကာလအတွင်း ဖိနှိပ်မှုများကို ပြောသည်။

ထို့ပြင် ၎င်းက ဆက်လက်၍ “ညသန်းခေါင်မှာ ဘယ်ကရောက်လာမှန်းမသိတဲ့ မဲတွေနဲ့ အနိုင်ရသွားတဲ့ ဖြစ်ရပ်ဆန်းတွေ အများကြီး တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပေါ်ခဲ့တာ ရှိပါတယ်” ဟုလည်း ဆိုသည်။

၂၀၂၅ ခုနှစ် ရွေးကောက်ပွဲသည် တိုင်းရင်းသားပြည်သူများ၏ ကိုယ်စားပြုမှုကို လုံးဝဖော်ဆောင်နိုင်ခြင်းမရှိဘဲ၊ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရန် အကွက်ချစီစဉ်ထားသည့် လုပ်ငန်းစဉ်သာဖြစ်ကြောင်း နိုင်ငံတကာ မြန်မာ့သတင်း (BNI) က ထောက်ပြသည်။

BNI ၏ ထုတ်ပြန်ချက်အရ လူထုထောက်ခံမှုအများဆုံးရရှိထားသည့် NLD၊ SNLD၊ ALD ပါတီများကို စနစ်တကျဖယ်ထုတ်ကာ အတိုက်အခံအမတ် ၁၄၀ ကျော်ကို ဖမ်းဆီးနှိပ်ကွပ်ပြီးမှသာ ယခုရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပခဲ့ခြင်းဖြစ်သည်။

BNI မီဒီယာ ဖွံ့ဖြိုးရေးကော်မတီဥက္ကဋ္ဌ မအားမီက “မဲဆန္ဒနယ် ၃၁ ခုမှာ ကိုယ်စားလှယ်တစ်ဦးတည်းက ကြိုတင်မဲတွေနဲ့ အနိုင်ရသွားတဲ့ အချက်အလက်တွေ ရှိပါတယ်။ အဲဒီထဲမှာ USDP က ၂၈ နေရာ (၉၀ ရာခိုင်နှုန်းကျော်) အနိုင်ရခဲ့တာဟာ မဲဆန္ဒရှင်တွေရဲ့ ရွေးချယ်ခွင့်ကို ပိတ်ပင်ပြီး USDP အတွက် အမတ်နေရာတွေ အသာစီးရဖို့ ဖန်တီးပေးထားတဲ့ ရုပ်ပြပွဲတစ်ခုပါပဲ” ဟု ပြောသည်။

ထို့ပြင် ယခင်ရွေးကောက်ပွဲ၌ မဲပေးနိုင်သူ ၃၈ သန်းခန့်ရှိခဲ့သော်လည်း ယခုအခါ ၂၄ သန်းသာ ကျန်ရှိတော့သဖြင့် ပြည်သူ ၁၃ သန်းကျော် မဲပေးခွင့်ဆုံးရှုံးခဲ့ရသည်။

ထိုသို့ ဖြစ်ရခြင်းမှာ စစ်ပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ရခြင်းနှင့် တိုင်းရင်းသားဒေသများတွင် ရည်ရွယ်ချက်ရှိရှိ မဲပေးခွင့်ဖယ်ကြဉ်ခံရခြင်းတို့ကြောင့် ဖြစ်သည်ဟု BNI က ထောက်ပြထားသည်။

နေပြည်တော်နှင့် မြို့ကြီးအချို့တွင် မဲပေးမှုနှုန်း မြင့်မားသည်ဟု စစ်ကော်မရှင်က ထုတ်ပြန်သော်လည်း ယင်းမှာ နိုင်ငံ့ဝန်ထမ်းများနှင့် စစ်ဘက်မိသားစုဝင်များ၏ ကြိုတင်မဲယန္တရားကို အသုံးချထားခြင်းသာဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။

ဒီမိုကရေစီစံနှုန်းများ၏ အနိမ့်ဆုံးလိုအပ်ချက်ကိုပင် မပြည့်မီဘဲ၊ အရပ်သားအစိုးရအမည်ခံကာ စစ်အာဏာသိမ်းမှုကို ‘ဆေးရောင်ခြယ်ခြင်း’ သာဖြစ်ကြောင်း နိုင်ငံတကာမြန်မာ့သတင်း (BNI) က ပြောသည်။

BNI ၏ မန်နေဂျင်းဒါရိုက်တာ မတင်တင်ညိုကလည်း “၁၃ သန်းသော ပြည်သူလူထုတွေက မဲပေးခွင့်မရှိခဲ့တဲ့ အခြေအနေတွေ ဒါတွေအကုန်လုံးကို ကြည့်လိုက်မယ်ဆိုရင်တော့ ဒီလိုအနေအထားပေါ်မှာ ဖြစ်လာမယ့် ရွေးကောက်ပွဲဟာ အတုအယောင်ဖြစ်တယ်။ လူထုကို ကိုယ်စားမပြုဘူး” ဟု ထောက်ပြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် အတိုက်အခံပါတီပေါင်း ၄၀ ကို ဖျက်သိမ်းခဲ့ခြင်းနှင့် တင်းကျပ်သော စည်းမျဉ်းများဖြင့် အရပ်သားအစိုးရ အမည်ခံရန် ကြိုးပမ်းခြင်းတို့အပေါ် BNI က ဝေဖန်ထားသည်။

ထို့ကြောင့် နိုင်ငံတကာအနေဖြင့် ဤရွေးကောက်ပွဲရလဒ်များကို အခြေမခံဘဲ၊ မြေပြင်ရှိ ပကတိအခြေအနေမှန်ကိုသာ ဗဟိုပြု၍ မြန်မာ့အရေးကို ချဉ်းကပ်ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းထားသည်။

NMG