စစ်အုပ်စုရွေးကောက်ပွဲ ကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုသူ ၂၀၀ ကျော် ဖမ်းဆီးခံရကြောင်း အသံအဖွဲ့ ထုတ်ပြန်

By MPM 20 မေ, 2026 👁 3

စစ်အုပ်စု ကျင်းပခဲ့သည့် “အတုအယောင်” ရွေးကောက်ပွဲကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ပြင်းထန်စွာ ချိုးဖောက်ခံခဲ့ရပြီး ရွေးကောက်ပွဲနှင့်ဆက်စပ်၍ နိုင်ငံတဝန်း ဖမ်းဆီးခံရသူ ၂၁၅ ဦးအထိရှိခဲ့ကြောင်း လွတ်လပ်သော သုတေသနအဖွဲ့ဖြစ်သည့် အသံ (Athan) အဖွဲ့၏ အစီရင်ခံစာအရ သိရသည်။

ယမန်နေ့ (မေ ၁၉) တွင် ထုတ်ပြန်လိုက်သည့်အစီရင်စာတွင် ထိုသို့ဖော်ပြထားခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှ ၂၀၂၆ ခုနှစ်၊ မတ်လအထိ ကောက်ယူထားသည့် စာရင်းများအရ ယင်းဖမ်းဆီးမှုများကို စစ်အုပ်စုကသာမက အခြားသော လက်နက်ကိုင်အဖွဲ့အစည်းများကပါ ကျူးလွန်ခဲ့ကြသည်ဟု ဆိုသည်။

“ဖမ်းဆီးအရေးယူမှုများကို လုပ်ဆောင်ခဲ့သည့် အစုအဖွဲ့များကို လေ့လာရာတွင် ရွေးကာက်ပွဲကို ဆန့်ကျင်မှု (သို့မဟုတ်) ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပါဝင်မှုကြောင့် အရေးယူမှုများကို ပြုလုပ်သူသည် အာဏာသိမ်းစစ်တပ် တဦးတည်းမဟုတ်ဘဲ အခြားစုအဖွဲ့များဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် လက်နက်ကိုင် အဖွဲ့အစည်းများပါ ပါဝင်နေသည်ကို တွေ့ရသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်အုပ်စု၏ ဖမ်းဆီးအရေးယူမှုက ၁၈၂ ဦးအထိ အများဆုံးရှိနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၂၆ ဦး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ငါးဦးနှင့် အမည်မသိ လက်နက်ကိုင်အဖွဲ့က နှစ်ဦးတို့ကို အသီးသီးဖမ်းဆီးခဲ့ကြောင်း အသံအဖွဲ့က ထုတ်ပြန်သည်။

အဆိုပါ စစ်အုပ်စုထံ ဖမ်းဆီးခံရသူ ၁၈၂ ဦးအနက် ၁၀၈ ဦးမှာ ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး ၆၂ ဦးမှာ ဝရမ်းထုတ်ခံထားရကာ ၁၁ ဦးမှာ ပြစ်ဒဏ်ချမှတ်ခံထားရကြောင်း သိရသည်။

စစ်အုပ်စုသည် လူထု၏ နိုင်ငံရေးအမြင်နှင့် ဝေဖန်မှုများကို ချေမှုန်းရန် “ရွေးကောက်ပွဲကာကွယ်ရေးဥပဒေ” ကို အဓိက လက်နက်သဖွယ် အသုံးပြုခဲ့သည်။ ဖမ်းဆီးမှုများသည် ဩဂုတ်လတွင် စတင်ခဲ့ပြီး နိုဝင်ဘာလတွင် ၇၄ ဦးအထိ အမြင့်ဆုံးစံချိန်တင် ဖမ်းဆီးခံခဲ့ရသည်။

ဖမ်းဆီးခံရသူ အများစုကို ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၃(က) ဖြင့် (၁၀၆) မှု အပါအဝင် အခြားသော ပုဒ်မခွဲများဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

အဖမ်းခံရသူများထဲတွင် သာမန်အရပ်သားပြည်သူ ၁၂၀ ဦးအထိ အများဆုံး ပါဝင်နေပြီး နိုင်ငံရေးသမား ၅၂ ဦးနှင့် အနုပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများလည်း ပါဝင်သည်။ ဖမ်းဆီးခံရသည့် ဒေသများတွင် ရန်ကုန်တိုင်းမှ ၄၅ ဦးဖြင့် အများဆုံးဖြစ်ပြီး ပဲခူးတိုင်းမှ ၃၇ ဦး ဒုတိယနှင့် ကရင်ပြည်နယ်မှ ၃၅ ဦး တတိယ အများဆုံး ဖမ်းဆီးခံခဲ့ရသည်။

ထို့ပြင် စစ်အုပ်စုဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များသည် ရွေးကောက်ပွဲကို ဝေဖန်သူများ၏ ကိုယ်ရေးအချက်အလက်များနှင့် နေရပ်လိပ်စာများကို အတိအကျဖော်ပြကာ ပစ်မှတ်ထား ဖမ်းဆီးနိုင်ရန် စနစ်တကျ လှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင် သာမန်မှတ်ချက်ပေးခြင်း၊ ရီအက် (Like) ပေးခြင်းနှင့် စနောက်သည့် ဖော်ပြချက်များအား မျှဝေသူများကိုပင် စစ်အုပ်စုက ပြင်းထန်သည့် ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

ရှမ်းပြည်နယ် အေးသာယာမြို့မှ ကိုနေသွေးမှာ လူမှုကွန်ရက်တွင် ဝေဖန်ရေးသားမှုကြောင့် ရွေးကောက်ပွဲကာကွယ်ရေးဥပဒေ ပုဒ်မ ၂၃(က) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံခဲ့ရသည်။

အလားတူ ဒါရိုက်တာ မိုက်တီး၊ သရုပ်ဆောင် ကျော်ဝင်းထွဋ် နှင့် ဟာသသရုပ်ဆောင် အုန်းဒိုင်း စသည့် အနုပညာရှင်များကိုလည်း ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်လမ်းတိုအား ဝေဖန်မှုဖြင့် ထောင်ဒဏ် ခုနစ် နှစ်စီ ချမှတ်ခဲ့သည်။

ယင်းအပြင် အသက် ၁၈ နှစ်အောက် လူငယ် သုံးဦး အပါအဝင် ရန်ကုန်နှင့် ကရင်နီမှ လူငယ် ကိုးဦး ဖမ်းဆီးခံရမှုနှင့် မွန်ပြည်နယ် ကျိုက်ထိုမြို့တွင် ရွေးကောက်ပွဲဆန့်ကျင်ရေး လက်ကမ်းစာစောင် ဖတ်ရှုမိသည့် လူငယ်သုံးဦး ဖမ်းဆီးခံရကာ နှစ်ဦးမှာ စစ်မှုထမ်းရန် အတင်းအကျပ် ခေါ်ဆောင်သွားခံရသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

လွတ်လပ်သော မီဒီယာများဖြစ်သည့် AAMIJ News နှင့် ခေတ်သစ်မီဒီယာတို့လည်း ရွေးကောက်ပွဲ သတင်းဖော်ပြမှုများကြောင့် အမှုဖွင့် တရားစွဲဆိုခံခဲ့ရသည်။

ဤကဲ့သို့ ဖမ်းဆီးမှုများသည် ရွေးကောက်ပွဲလုံခြုံရေးအတွက်မဟုတ်ဘဲ နိုင်ငံရေးသဘောထားကွဲလွဲသူများကို နှုတ်ဆိတ်စေရန်နှင့် နိုင်ငံရေးအမြင်ဖော်ပြမှုကို ရာဇဝတ်မှုအဖြစ် ပြောင်းလဲသတ်မှတ်ကာ ဥပဒေကို အသုံးချခဲ့ခြင်းဖြစ်ကြောင်း အသံအဖွဲ့က သုံးသပ်ထားသည်။

ထို့အပြင် အကြောက်တရားဖြင့် ဖိနှိပ်ကာ လွတ်လပ်စွာ ဝေဖန်ခွင့်မရဘဲ ကျင်းပခဲ့သည့် ဤလုပ်ငန်းစဉ်သည် စစ်အာဏာရှင် သက်ဆိုးရှည်ရေးအတွက် ပြုလုပ်သည့် “အတုအယောင်” ရွေးကောက်ပွဲသာဖြစ်ကြောင်း အစီရင်ခံစာက ကောက်ချက်ချထားသည်။

မဇ္ဈိမ