စစ်အုပ်စုရဲ့ တိုက်ခိုက်ဖျက်ဆီးမှုများကြောင့် ကရင်နီပြည်မှာ ဇွန်လအတွင်း နေအိမ် ၃၅ လုံး ပျက်စီး၊ ဒီးမော့ဆိုမှာ ပျက်စီးမှုအများဆုံးဖြစ်

By MPM 7 ဇူလိုင်, 2026 👁 48

အာဏာသိမ်းစစ်အုပ်စုရဲ့တိုက်ခိုက်ဖျက်ဆီးမှုတွေကြောင့် ကရင်နီပြည်မှာ ပြီးခဲ့တဲ့ ဇွန်လအတွင်း အရပ်သားနေအိမ်ပေါင်း ၃၅ လုံး ပျက်စီးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ စာရင်းအရ သိရပါတယ်။

အဆိုပါ နေအိမ်ပျက်စီးမှုမှာတော့ ဒီးမော့ဆိုမြို့နယ်အတွင်း ပျက်စီးမှုအများဆုံးဖြစ်ခဲ့တယ်လို့ KnHRG ရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“လူထုနေအိမ်ကပျက်စီးတာက ဒီးမော့ဆိုမြို့နယ်မှာ ၁၉ လုံး အများဆုံး၊ ပြီးတော့ ဖယ်ခုံမှာ ၁၁ လုံး ဒုတိယ များတယ် ပြီး ဖရူဆိုက ၅ လုံးပါတယ်” လို့ KnHRG ရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် စစ်အုပ်စုရဲ့ လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၇ ဦး ရှိခဲ့ပါတယ်။

တလအတွင်း လက်နက်ကြီးပစ်ခတ်မှု ၇ ကြိမ် ၊ လေကြောင်းတိုက်ခိုက်မှု ၁၄ ကြိမ် နဲ့ ဒရုန်းပစ်ခတ်မှု ၆ ကြိမ် ရှိခဲ့တယ်လို့ ဆိုပါတယ်။

နေအိမ် ပျက်စီးမှုအပြင် စိုက်ခင်း ၁၄ ခု၊ ယာဥ် ၅စီး၊ ဘာသာရေး အဆောက်အဦး ၁ လုံးနဲ့ ရေလှောင်ကန် ၃ ခုပါ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းမှာလည်း စစ်အုပ်စုရဲ့ တိုက်ခိုက်ဖျက်စီးမှုကြောင့် နေအိမ်ပေါင်း ၈၅ လုံး ပျက်စီးခဲ့ပါသေးတယ်။

အဲ့ဒီထဲ အရပ်သားတွေနေထိုင်တဲ့ နေရာတွေထိ စစ်အုပ်စု စစ်ကြောင်းက ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးမှုတွေ ရှိခဲ့တာပါ။

ဒီကနေ့ ဇူလိုင်လ ၆ ရက်နေ့ KnHRG ရဲ့ စာရင်းအရ ဇွန်လအတွင်း စစ်အုပ်စုရဲ့ တမင်မီးရှို့ဖျက်ဆီးတာ၊ ခိုးယူတာတစ်ကြိမ်ရှိခဲ့တယ်လို့ ဆိုထားပါတယ်။

ကန္တာရဝတီတိုင်း(မ်)