စစ်အာဏာသိမ်းမှု ၃ နှစ်နီးပါးကာလတွင် KNU အုပ်ချုပ်မှုနယ်မြေများ၌ စစ်ဘေးရှောင် ၇ သိန်းကျော်ထိရှိလာ

0
292
Photo - CIDKP

ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်သည့် ကော်သူးလေနယ်မြေ ခရိုင်ခုနှစ်ခုတွင် စစ်တပ်က အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် ၃ နှစ်နီးပါးကာလအတွင်း ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ရှောင်တိမ်းနေထိုင်ရသော စစ်ဘေးရှောင် ၇၅၁,၆၆၉ ဦး ရှိလာပြီဖြစ်ကြောင်း KNU၏ ထုတ်ပြန်ချက်အရ သိရသည်။

KNU ၏ ဇန်နဝါရီလ ၁၈ ရက်နေ့ ထုတ်ပြန်ချက်၌ အဆိုပါစစ်ဘေးရှောင်များတွင် KNU တပ်မဟာ (၃) နယ်မြေ ညောင်လေးပင်ခရိုင်၏ စစ်ဘေးရှောင်ပြည်သူဦးရေမှာ ၂၄၈,၁၆၀ ဦး ဖြင့် KNU ခရိုင်ခုနှစ်အနက် အများဆုံးပမာဏ ဖြစ်နေပြီး တပ်မဟာ (၆) ဒူးပလာယာခရိုင်၏ စစ်ရှောင်ဦးရေမှာ ၁၄၉,၉၆၉ ဦးဖြင့် ဒုတိယအများဆုံးဖြစ်နေကြောင်း ဖော်ပြထားသည်။

ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား ပြီးခဲ့သည့် နှစ်ကုန်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် ကော့ကရိတ်မြို့တိုက်ပွဲနှင့် မုန်းမြို့တိုက်ပွဲများကြောင့် ယခင်လများကနှင့် နှိုင်းယှဥ်ပါက စစ်ရှောင်ဦးရေ ထိုကဲ့သို့ ပိုမိုတိုးပွားလာခဲ့ခြင်းဖြစ်ပြီး ကူညီထောက်ပံ့မှု အပြည့်အဝ မပေးနိုင်သေးကြောင်း ကရင်အရပ်ဘက် စစ်ရှောင်ကူညီရေးအဖွဲ့များထံမှ သိရသည်။

ပြည်တွင်းနေရပ်စွန့်ခွာရသူ ကရင်ပြည်သူများဆိုင်ရာကော်မတီ-CIDKP ၏ ဒု-တာဝန်ခံ စောခဲလေက “နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီးတော့ အကူအညီရရှိအောင် အစွမ်းကုန်ကြိုးစားပေမယ့် ကျနော်တို့လုပ်နိုင်တာ အရမ်းကို နည်းပါသေးတယ်။ လူ ၇ သိန်းကျော်ဆိုတာက နည်းတာမဟုတ်ဘူးလေ။ လိုအပ်ချက်ကလည်း အစာရေစာ တစ်ခုတည်းမဟုတ်ဘူး။ ပြီးတော့ သူတို့ရဲ့နောင်ရေး၊ ပြန်လည်နေရာချထားရေးတွေ၊ အလုပ်အကိုင် အစားအသောက်တွေအတွက်လည်း စဥ်းစားရတယ်” ဟု ပြောသည်။

CIDKP အနေဖြင့် သီးသန့်ကောက်ခံထားသော စာရင်းများအရ ကော်သူးလေနယ်မြေအတွင်း စစ်ဘေးရှောင် ပြည်သူဦးရေ ၇ သိန်း ၅သောင်း ၂ ထောင်ကျော် ရှိနေပြီး ထိုပမာဏ၏အရေအတွက် တစ်ဝက်ကိုပင်လျှင် လုံလောက်သော ထောက်ပံ့မှု မပေးနိုင်သေးကြောင်း စောခဲလေက ဆက်ပြောသည်။

“အဲဒီ ၇ သိန်းကျော်ရဲ့ တစ်ဝက်လောက်တောင် ကျနော်တို့ မထောက်ပံ့နိုင်သေးဘူး။ ထောက်ပံ့နိုင်တာတောင် လတိုင်းမဟုတ်ဘူး။ တစ်လလောက်ထောက်ပံ့ပြီး လေး ငါး လလောက် လွှတ်ထားရတာမျိုးပါ။ လိုအပ်ချက်ကတော့ အများကြီးရှိနေပါသေးတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်က ပြည်သူလူထုအား စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်၍ လက်နက်ကြီးနှင့် လေကြောင်းအသုံးပြု ပစ်ခတ်ခြင်းအပြင် အခြားသောအကြမ်းဖက်မှု ပုံစံမျိုးစုံဖြင့် တနေ့တခြား တိုးမြင့်လုပ်ဆောင်နေသည့်အတွက် စစ်ဘေးရှောင်ဦးရေ ပွားများလာရခြင်း ဖြစ်သည်ဟုလည်း သက်ဆိုင်ရာခရိုင်အလိုက် စစ်ရှောင်ဦးရေစာရင်း အတိအကျကို KNU က ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

နယ်မြေအတွင်း တိုက်ပွဲနှင့်ပစ်ခတ်မှုများအပြင် စစ်ကောင်စီက နေအိမ်မီးရှို့ဖျက်ဆီးမှုများကြောင့် ဒေသခံ ပြည်သူများသည် အိုးအိမ်မဲ့ နေရပ်စွန့်ခွာထွက်ပြေးရသော ဒုက္ခအပြင် လူမှုစီးပွားရေးထိခိုက်မှုနှင့် စားဝတ်နေရေး လိုအပ်ချက်များလည်း တွေ့ကြုံခံစားနေရပြီး ပဋိပက္ခအတွင်း အသက်သေကြေ ထိခိုက်သည်အထိ လုံခြုံရေး ကင်းမဲ့နေကြရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။

အာဏာသိမ်းမှု ၃ နှစ် နီးပါးကာလအတွင်း ကျန်ရှိ တပ်မဟာ (၁) သထုံခရိုင်တွင် စစ်ဘေးရှောင်ဦးရေ (၁၄၃,၅၂၉) ဦး၊ တပ်မဟာ (၂) တောအူးခရိုင်တွင် (၂၀,၁၅၂) ဦး၊ တပ်မဟာ(၄) မြိတ်/ထားဝယ်ခရိုင်တွင် (၇၅,၁၈၅) ဦး၊ တပ်မဟာ (၅) မူတြော်ခရိုင်တွင် (၉၁,၆၀၃) ဦးနှင့် တပ်မဟာ (၇) ဖားအံခရိုင်တွင် (၂၂,၉၈၁) ဦး အထိ ရှိနေသည်ဟု KNU ၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here