ရခိုင်ပြည် မြို့သိမ်းတိုက်ပွဲများတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းနှင့် အမျိုးသမီးများကို အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များက စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်းမပြုဘဲ အမျိုးသမီးများကို လေးစားတန်ဖိုးထားကာ အကူအညီများပေးခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း အညံ့ခံလာသည့် စစ်သုံ့ပန်းမိသားစုဝင် အမျိုးသမီးများစွာမှာ အာရက္ခတပ်တော်လက်ထဲတွင် ရှိနေသော်လည်း AA တပ်ဖွဲ့ဝင်များသည် နိုင်ထက်စီးနင်းဆက်ဆံမှု လုံးဝမပြုဘဲ အကာကွယ်ပေးပြီး တတ်နိုင်သမျှ ကူညီစောင့်ရှောက်ခဲ့ကြောင်း လွတ်ငြိမ်းခွင့်ရသည့် အမျိုးသမီးများက ပြောဆိုကြသည်။
“မိသားစုဝင်တွေထဲမှာ အရွယ်ရောက်ပြီးသား မိန်းမပျိုလေးတွေ အများကြီးပါတယ်။ ဒါပေမဲ့ ၂ နှစ်ကျော်ကာလအတွင်းမှာ အာရက္ခတပ်တော်က တပ်ဖွဲ့ဝင်တွေရဲ့ ကူညီစောင့်ရှောက်မှု ရခဲ့ကြပါတယ်။ ဘယ်သူမှ ထိကပါးရိကပါး မပြုခဲ့သလို ဘယ်သူမှလည်း စကားဖြင့်ရော ကိုယ်အမှုအရာဖြင့်ပါ ထိပါးစော်ကားတာ မခံခဲ့ရပါဘူး” ဟု ကျောက်တော်ကန်စောက် အမတ ၃၇၇ မှ ဒုတိယဗိုလ်မှူးကြီး ကျော်စွာအောင်၏ဇနီး ဒေါ် သဇင်ချိုက ပြောသည်။
လက်ရှိတွင် ဒေါ်သဇင်ချိုနှင့်အတူ ကျောက်တော်မြို့နယ် ချောင်းတူ အကျဉ်းစခန်းမှ စစ်သုံ့ပန်းနှင့် မိသားစုဝင်များကို လူသားချင်းစာနာမှုဖြင့် ပြီးခဲ့သည့် မတ် ၁၄ ရက်က လွှတ်ပေးခဲ့သည်။
ယင်းအပြင် ဖမ်းဆီးထိန်းသိမ်းခံရသည့် ၂ နှစ် ကာလအတွင်း AA တပ်ဖွဲ့ဝင်များသည် အမျိုးသမီးအားလုံးအပေါ် ရန်သူကဲ့သို့ သဘောမထားဘဲ မိသားစုကဲ့သို့ ဆက်ဆံပြီး ကျန်းမာရေး၊ စားဝတ်နေရေး အကူအညီပေးမှုများလည်း ရှိခဲ့ပြီး ကိုယ်ဝန်ဆောင်နှင့် သက်ကြီးရွယ်အိုများအပေါ် နိုင်သမျှ စောင့်ရှောက်မှုခံခဲ့ရကြောင်း ဆိုသည်။
“ဒီ ၂ နှစ်တာ ကာလအတွင်း အမျိုးသမီးတွေအားလုံးကို မှည့်တပေါက် မစွန်းစေဘဲ ရန်သူလို သဘောမထားဘဲ ကိုယ့်မိသားစုလိုဆက်ဆံပြီး စောင့်ရှောက်ပေးခဲ့လို့ အချိန်တွေကြာလာတာနဲ့အမျှ အာရက္ခတပ်တော်ရဲ့ စိတ်ရင်းစေတနာမှန်တွေကို သိခဲ့ရတယ်” ဟု ဒေါ်သဇင်ချိုက ဆက်ပြောသည်။
ထို့အတူ AA အရာရှိနှင့် တပ်ဖွဲ့ဝင်များသည်လည်း အမျိုးသမီးအခွင့်အရေး၊ ကိုယ်ဝန်ဆောင်မိခင်၊ သက်ကြီးရွယ်အိုများအပေါ် မိသားစု ဆွေမျိုးသဖွယ် ပြုမူဆက်ဆံခြင်းကိုတွေ့ကြောင်း နောက်ထပ် လွတ်မြောက်လာသူများက ပြောသည်။
ယင်းအပြင် စားဝတ်နေရေးအတွက် တက်နိုင်သည်အထိ လိုအပ်ချက်များကို ဖြည့်ဆည်းပေးကြောင်း၊ အသက်အန္တရာယ်များကြားက ကာကွယ်မှု ပေးများလည်း ရှိခဲ့ကြောင်း အမ်းမြို့နယ်က စစ်သုံ့ပန်းမိသားစုဝင်တစ်ဦးက DMG ကို ပြောသည်။
“ထမင်းကတော့ ကောင်းကောင်းမွန်မွန် စားရပါတယ်။ သူတို့ ဆန်တစ်ဗူးရှိရင် တစ်ဝက် ကျွေးပါတယ်။ သူတို့ကိုယ်တိုင်လည်း အသက်အန္တရာယ်တွေကိုမကြည့်ဘဲ ကျမတို့ကို စောင့်ရှောက်ထားတာပါ။ တက်နိုင်တာတွေ လုပ်ပေးကြပါတယ်။ ဟင်းတွေလည်း ရှာကျွေးကြပါတယ်” ဟု အမ်းမြို့နယ် ဒါးလက်ချောင်းဒေသတွင် ထိန်းသိမ်းခံထားရသည့် စစ်သုံ့ပန်းမိသားစုဝင် ဒေါ်ယဉ်ယဉ်ဌေးက ပြောသည်။
အာရက္ခတပ်တော် သိမ်းပိုက်တိုက်ခိုက်ခဲ့သော မြို့နယ်အားလုံးမှ စစ်သုံ့ပန်းနှင့် မိသားစုဝင်အရေအတွက်မှာလည်း ထောင်နှင့်ချီရှိပြီး တစ်ဖက်မှာ စစ်ကောင်စီသည် ကျောက်တော်နှင့် အမ်းမြို့နယ်တို့က စစ်သုံ့ပန်းအကျဉ်းစခန်းများကို လေကြောင်းတိုက်ခိုက်မှုများ လုပ်ခဲ့သည်။
လက်ရှိ ရခိုင်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ယင်းကြားထဲကနေ စစ်သုံ့ပန်းနှင့် မိသားစုဝင်များကို လူသားချင်းစာနာမှုအရ အာရက္ခတပ်တော်က မကြာမကြာ အသုတ်လိုက်လွတ်ပေးမှုများ ရှိနေသည်။
ပြီးခဲ့သည့် မတ်လ ၄ ရက်ကလည်း အရက္ခတပ်တပ်တော် ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်၏ ၄၅ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပလက်ဝဒေသတွင် ထိန်းသိမ်းထားသည့် စစ်သုံပန်းနှင့် အကျဉ်းသားအချိုကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။
DMG