စစ်လက်နက်အကြွင်းအကျန်များ ရှာဖွေရောင်းချနေသည့် ၁၀၂၇ စစ်ဆင်ရေးနယ်မြေက ပြည်သူတချို့ လက်နက်ပေါက်ကွဲမှုကြောင့် သေဆုံးသူများရှိလာနေ

By MPM 4 မတ်, 2025 👁 5

သျှမ်းပြည်မြောက်ပိုင်းရှိ “၁၀၂၇ စစ်ဆင်ရေး” ဖြစ်ပွားခဲ့သည့် သီပေါနှင့် သိန္နီမြို့နယ်ရှိ ပြည်သူတချို့သည် စစ်လက်နက်အကြွင်းအကျန်များကို ရှာဖွေကောက်ယူပြီး ပြန်လည်ရောင်းချကာ မိသားစုဝမ်းရေးအတွက် ဖြေရှင်းကြရာတွင် သယ်ယူလာသည့် လက်နက်ပေါက်ကွဲပြီး သေဆုံးမှုရှိလာနေသည်ဟု ဒေသခံတို့ထံက သိရသည်။

တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသော သီပေါမြို့နယ်ရှိ ဒေသခံပြည်သူများသည် လက်ရှိအချိန်တွင် စားဝတ်နေရေးအတွက် အခက်အခဲများကြုံနေရသဖြင့် စစ်လက်နက် အကြွင်းအကျန်များကို ရှာဖွေကောက်ယူပြီး နယ်မြေအတွင်းလှုပ်ရှားနေသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထံ ပြန်လည်ရောင်းချနေကြောင်း သီပေါဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“စစ်ကျန်လက်နက်တွေ၊ ဗုံးတွေ အသက်အန္တရာယ်ထိခိုက်နိုင်တာကို သိသိရက်နဲ့ကောက်ပြီး လက်နက်ကိုင်တွေဆီ သွားရောင်းတယ်။ မြေမြှုပ်မိုင်းတွေ၊ မပေါက်သေးတဲ့ဗုံးတွေ ကောက်ပြီး ကြိုက်တဲ့လက်နက်ကိုင်တွေဆီ သွားရောင်းလို့ရတယ်၊ သူတို့ ဈေးများများပေးပြီး ပြန်ဝယ်တယ်” ဟု အဆိုပါဒေသခံအမျိုးသားက ပြောသည်။

ထိုသို့စစ်လက်နက် အကြွင်းအကျန်များကို ရှာဖွေကောက်ယူပြီး နေအိမ်သို့သယ်ယူလာစဉ် မတော်တဆ ပေါက်ကွဲမှုကြောင့် မိသားစုဝင်များ ထိခိုက်ဒဏ်ရာရပြီး အသက်ဆုံးရှုံးသွားသူများလည်းရှိလာကြောင်း သီပေါဒေသခံများက ပြောဆိုသည်။

သီပေါမြို့နယ် ကုံးစုံကျေးရွာရှိ မိသားစုတစ်စုသည် မပေါက်ကွဲသေးသည့် စစ်ကျန်လက်နက်ကို ရှာဖွေကောက်ယူပြီး ပြန်ရောင်းစားရန်အတွက် နေအိမ်ထဲသိမ်းထားရာ ဖေဖော်ဝါရီ ၂၁ ရက် နံနက်ပိုင်းအစောပိုင်းတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဉီးအပါအဝင် ၂ ဦးသေဆုံးကာ မိသားစုဝင် ၃ ဦးနှင့် ကလေး ၁ ဦး ဒဏ်ရာပြင်းထန်ခဲ့သည်။

အလားတူ သီပေါမြို့နေ အခြားကလေးငယ် ၁ ဦးလည်း မပေါက်ကွဲသေးသည့်ဗုံးကို ရောင်းစားရန်အတွက် ကောက်ယူလာရာ အိမ်အပြန်လမ်းတွင် ၎င်းကောက်ယူလာသော ဗုံးပေါက်ကွဲ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

“မပေါက်ကွဲသေးတဲ့ဗုံးတွေကို ပြန်ရောင်းစားနိုင်တယ် ဆိုတဲ့သတင်းကြောင့် အသက်သေတဲ့လူတွေလည်း မနည်းတော့ဘူး၊ ကလေးတွေကအစ သေနေရတာ။ ဒီအချိန်က ဝမ်းရေးအတွက်ဆိုတော့ အသက်ပါပေးပြီး ရှာစားနေရတယ်” ဟု သီပေါမြို့မှ ပရဟိတကူညီလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

စစ်လက်နက် အကြွင်းအကျန်များကို အမျိုးအစားပေါ်မူတည်ပြီး စျေးကောင်းပေး ဝယ်ယူနေကြောင်းနှင့် ထိုသို့ ကောက်ယူပြီး ပြန်လည်ရောင်းချရာတွင် အနည်းဆုံး ကျပ်ငွေ ၁၅ သိန်းခန့် စတင်ရရှိကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

“ဒေသခံတွေလည်း ဈေးကောင်းရတော့ အသက်အန္တရာယ်တွေများနေပါစေ၊ အသက်ရင်းပြီးကို ရှာပြီးသွားရောင်းကြတယ်။ အနည်းဆုံးဈေးက ၁၅ သိန်းဝန်းကျင်တောင်ရှိတယ်။ ဒါက ကောက်ရတဲ့အမျိုးအစားပေါ် မူတည်တာပေါ့။ ဈေးကောင်းရမှန်းသိလို့ ကလေးလူငယ်တွေကအစ လိုက်လုပ်ကြတယ်” ဟု သီပေါမြို့ခံတစ်ဦးကပြောသည်။

စစ်လက်နက်အကြွင်းအကျန်များတွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးများ၊ ဗုံးများနှင့် မြေမြှုပ်မိုင်းများ ပါရှိသကဲ့သို့ ပေါက်ကွဲပြီးသည့် စစ်လက်နက်ပစ္စည်းအပိုင်းအစများကိုလည်း စစ်ကောင်စီတပ်စခန်းဟောင်းအနီး သွားရောက်ရှာဖွေ ကောက်ယူနေကြကြောင်း သိရသည်။

အလားတူ ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်တွင်လည်း မြေမြှုပ်မိုင်း၊ စစ်လက်နက် အကြွင်းအကျန်ပစ္စည်းများကို ကောက်ယူပြီး ပြန်လည်ရောင်းချနေသူများရှိကြောင်း သိန္နီမြို့ဒေသခံ အမျိုးသမီးတစ်ဉီးက ပြောသည်။

“သိန္နီမှာလည်း လက်နက်ကိုင်တွေက မြေမြှုပ်မိုင်းတို့၊ မပေါက်သေးတဲ့ဗုံးတွေဆို သူတို့ပြန်ဝယ်တယ်။ ပစ္စည်းအမျိုးအစားပေါ် မူတည်တယ်။ အခြေခံလူတန်းစားတွေဆို ပိုလုပ်တယ်ပြောရမယ်။ အဓိက ဝမ်းရေးအတွက် လုပ်ကြတယ်။ အသက်အန္တရာယ်ကြားကနေ ဝမ်းရေးဖြေရှင်းဖို့အတွက် လုပ်နေကြတယ်” ဟု အဆိုပါဒေသခံ အမျိုးသမီးက ပြောသည်။

ကောက်ယူလာသည့် စစ်လက်နက်အကြွင်းအကျန်များကို သိန္နီမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ၊ တအာင်း (ပလောင်) တပ်ဖွဲ့ TNLA နှင့် သျှမ်းတပ် SSPP/SSA တို့ထံ သွားရောက်ရောင်းချပေးနိုင်ကြောင်း နယ်မြေဒေသခံများ ပြောပြချက်အရ သိရသည်။

ထိုကဲ့သို့ အန္တရာယ်များပြီး အသက်ပါဆုံးရှုံးနိုင်သည့် စစ်လက်နက် အကြွင်းအကျန်ပစ္စည်းများကို ဝယ်ယူနေသည့် လက်နက်ကိုင်တပ်များအနေဖြင့် ပြည်သူများ၏ဘဝကို ပြန်သတ်နေသည့်သဘောဖြစ်ကြောင်း သီပေါဒေသခံများက ပြောဆိုသည်။

“အခုက လက်နက်ကိုင်တွေ နယ်မြေမရှင်းလင်းပေးတဲ့အပြင် ပြည်သူတွေ ကောက်ယူလာတဲ့ ဗုံးတွေ လက်နက်ကြီးတွေကို ပြန်ဝယ်တယ်ဆိုတာ မဖြစ်သင့်ဘူး။ လုပ်စားရခက်တော့ ကြုံရာလုပ်ကြမှာပဲ။ အခုဆိုရင် ကလေးတွေကအစ သေနေရပြီ” ဒေသခံတစ်ဦးက ဆိုသည်။

လက်ရှိတွင် “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်နေသည့် ညီနောင်မဟာမိတ်တပ်ဖွဲ့များနှင့် စစ်ကောင်စီကြား စစ်ရေး ပဋိပက္ခ ငြိမ်သက်နေသော်လည်း မိုင်းရှင်းလင်းရေးကို မည်သည့်တပ်ဖွဲ့မှ တာဝန်ယူဖြေရှင်းပေးခြင်း မရှိသည့်အပြင် ပျက်စီးသွားသည့် ပြည်သူနေအိမ်များကိုလည်း တာဝန်ယူ ပြန်လည်မွမ်းမံပေးခြင်းမရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီလမှ စက်တင်ဘာလအထိ နိုင်ငံတဝှမ်းဖြစ်ပွားခဲ့သည့် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက် ပစ္စည်းကြောင့် ထိခိုက်သေဆုံးသူများတွင် သျှမ်းပြည်မှ ၂၅ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး ဖြစ်ရပ်စုစုပေါင်း (၁၄၀) ကြိမ်ရှိခဲ့ကာ အမျိုးသမီးနှင့် ကလေးအပါအဝင် သေဆုံးသူ (၂၂) ဦး၊ ဒဏ်ရာရသူ (၁၉၉) ဦး၊ ထိခိုက်ခံစား ရသူ စုစုပေါင်း (၂၂၁) ဦးရှိကြောင်း UNICEF ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းကြောင့် အရပ်သားထိခိုက်သေဆုံးမှု အဆိုးရွားဆုံး ရင်ဆိုင်နေရပြီး ဆီးရီးယား၊ အာဖဂန်နစ္စတန်နှင့် ယူကရိန်းနိုင်ငံတို့ကို ကျော်တက်ကာ ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ အများဆုံးနိုင်ငံဖြစ်လာကြောင်း မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာအစီရင်ခံစာအရ သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။