စစ်ရှောင်ကျောင်းသား/ကျောင်းသူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေရမည့်အပေါ် အခက်အခဲဖြစ်နေ

By MPM 25 ဧပြီ, 2025 👁 3

စစ်ကိုင်းတိုင်းရှိ စစ်ဘေးရှောင်ကျောင်းသားများသည်လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုရမည့်အပေါ် အခက်အခဲများဖြစ်နေကြကြောင်း တိုက်ပွဲများကြောင့် ရွှေပြည်အေးမြို့မှ ဟုမ္မလင်းမြို့သို့ စစ်ဘေးရှောင် ရောက်ရှိနေထိုင်ပြီး တက္ကသိုလ်ဝင်တန်းဖြေဆိုခဲ့ကြသူ ကျောင်းသား/ကျောင်းသူများနှင့် မိဘများက ပြောဆိုသည်။

စစ်ဘေးရှောင်ရင်း တက္ကသိုလ်ဝင်တန်းအား ဖြေဆိုနိုင်စေရန် မနည်းကြိုးစားရုန်းကန်ခဲ့ရတာကြောင့် ယခုလို ထပ်မံဖြေဆိုရမည့်အပေါ် မဖြစ်နိုင်ကြောင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲကျောင်းသူတစ်ဦး၏မိခင်က ယခုလိုပြောသည်။

“အခုဖြေပြီးလိုက်တာတောင်မှ အခက်အခဲတွေကြားထဲက ရုန်းကန်ပြီးဖြေလိုက်ရတာဖြစ်လို့ နောက်ထပ်တခါ ထပ်ဖြေရမယ်ဆိုရင်တော့ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ ယူဆတယ်။ ကလေးတွေအနေနဲ့ကလည်း ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး၊ စာနဲ့ ဝေးသွားပြီ။ ပြီးတော့ စာမေးပွဲတွေပြီးသွားပြီဆိုတော့ ဝမ်းစာရေးအတွက် အလုပ်တွေ လိုက်လုပ်ရပြီ” ဟု အဆိုပါမိခင်က ပြောဆိုသည်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုခဲ့သူတို့၏ အဖြေလွှာများ မီးလောင်ပျက်စီးခဲ့သော စစ်ကိုင်းတိုင်း၊ ကချင်ပြည်နှင့် မန္တလေးတိုင်းမှ ကျောင်းသားကျောင်းသူ များသည် စာမေးပွဲ ပြန်လည်ဖြေဆိုရမည်ဖြစ်ကြောင်း စစ်ကောင်စီပညာရေးဝန်ကြီးဌာနက ဧပြီလ ၂၂ ရက်နေ့ တွင် ကြေညာသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပမည့် အချိန်ဇယားများကိုလည်း တပါးတည်းကြေညာခဲ့ပြီး ကျောင်းသူ ကျောင်းသားများသည် ဇွန်လ ၁၆ ရက်နေ့တွင် စတင်ဖြေဆိုရမည်ဟုဆိုသည်။

ဟုမ္မလင်းမြို့စာစစ်ဌာနတွင် ဖြေဆိုခဲ့သည့် စစ်ရှောင်ကျောင်းသားတစ်ဦးက “အခက်အခဲက စာပြန်ကျက်ရမယ်ဆိုတာတော့ မဖြစ်နိုင်တော့ဘူး။ ကျောင်းတက်တုန်းကတောင် စာကိုတအားကျက်ရတော့ ကျောင်းပိတ်တော့ စာကိုလွှတ်ချလိုက်တော့ မဖြစ်နိုင် တော့ဘူး။ ဒီအတိုင်းပြန်ဖြေပြီး ကျမယ့်အတူတူကတော့ နောက်တစ်နှစ်ပြန်တက်လိုက်ရုံပါ့၊ ဘာတတ်နိုင်မလဲ” ဟု ဆိုသည်။

စစ်ရှောင်များသည် စစ်ဘေးရှောင်စခန်းများ၊ ယာယီတဲများဖြင့် နေထိုင်နေရပြီး ဝင်ငွေများနည်းပါးကာ စာမေးပွဲ ပြန်လည်ဖြေဆိုရန်အတွက် ကုန်ကျစရိတ်များကို မတတ်နိုင်ကြကြောင်း ပြောဆိုသည်။

ယင်းအပြင် ကျောင်းသားကျောင်းသူများက စာမေးပွဲအတွက် စာများပြန်လည်ကျက်မှတ်ရမည်ဖြစ်ပြီ စာကျက်ဝိုင်းများ၊ အဆောင်များကို ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ကုန်ကျစရိတ်များလည်း ကြီးမြင့်သည်ဟု သိရသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ဗန်းမောက်၊ ဝန်းသို၊ မော်လိုက်၊ အရာတော်၊ မင်းကင်း၊ ပန်ဆက်၊ တမူး၊ အထက (၂) ရွှေဘို၊ အထက(၁) ရေဦး စသည့် စာစစ်ဌာနများတွင် ဖြေဆိုခဲ့သည့် ကျောင်းသားကျောင်းသူများကလွဲပြီး တခြားသော စာစစ်ဌာနများတွင် ဖြေဆိုခဲ့သူအားလုံး ပြန်လည်ဖြေဆိုရမည်ဖြစ်သည်။

အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေးတက္ကသိုလ်တွင် တက္ကသိုလ်ဝင် စာမေးပွဲအဖြေလွှာများအား ဆရာ၊ ဆရာမများကစာစစ်နေချိန် အဆောက်အုံပြိုကျမီးလောင်ခဲ့တာကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်တို့မှ တက္ကသိုလ်ဝင်တန်း (Grade 12) ဖြေဆိုထားသည့် ကျောင်းသား ၆၂,၉၅၄ ဦး၏ အဖြေလွှာများ မီးလောင်ပျက်စီးခဲ့ရသည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီက ထုတ်ပြန်အရ ၂၀၂၅ ခုနှစ် မတ်လ၌ ကျင်းပခဲ့သည့်စာမေးပွဲတွင် ကချင်ပြည်နယ်မှ ကျောင်းသား/ကျောင်းသူ ၈၆၉၉ ဦး ၊ စစ်ကိုင်းတိုင်းမှ ၉၈၅၉ ဦး ၊ မန္တလေးတိုင်းမှ ၃၄၃၈၃ ဦး ၊ နေပြည်တော်မှ ၁၂၅၅၂ ဦး ဖြေဆိုခဲ့ကြသည်ဟု ဆိုသည်။

ငလျင်ကြောင့် မန္တလေးတက္ကသိုလ်အတွင်း၏ ထားရှိထားသည့် စာမေးပွဲဖြေဆိုသူ ခြောက်သောင်းကျော်၏ တက္ကသိုလ်စာမေးပွဲ ဘာသာရပ်အလိုက်အဖြေလွှာ သုံးသိန်းခွဲကျော်မှာ မီးလောင်ပျက်စီးခဲ့ကြောင်း စစ်ကောင်စီက ဆိုသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၇ ရက်မှ မတ်လ ၂၂ ရက်နေ့အထိ ကျင်းပခဲ့ရာ ပြည်တွင်း၊ပြည်ပ စာစစ်ဌာန ၈၁၇ ခုမှ ကျောင်းသူ/ကျောင်းသား ၂၀၈,၈၈၉ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြသည်။

မီးလောင်ပျက်စီးသွားသည့် အဖြေလွှာတွေကြောင့် စာမေးပွဲ ထပ်မံပြန်လည်စစ်ဆေးမယ့်အပေါ် ကျောင်းသား/ကျောင်းသူများ၊ မိဘများနှင့် ဆရာဆရာမများက ကန့်ကွက်မှုများလည်း ရှိနေသည်။

ရှမ်းနီအသံ ပေးပို့သည်။