စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် KNDF ထံ ခိုလှုံလာသည့် စစ်ကောင်စီတပ်သား ၁၀၀ နီးပါးရှိလာ

By MPM 10 ဖေ‌ဖော်ဝါရီ, 2025 👁 6

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အတည်ပြုပြဌာန်းကြောင်း ထုတ်ပြန်ကြေငြာပြီးနောက် KNDF ထံ ဝင်ရောက်ခိုလှုံလာသည့် စစ်ကောင်စီတပ်သား ၁၀၀ ဝန်းကျင်ရှိလာသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူတာအယ်စိုးက ပြောသည်။

“ဥပဒေနဲ့ အတင်းအဓမ္မဖမ်းဆီး ပြန်ပေးဆွဲပြီး စစ်မှုထမ်းခိုင်းသော်ငြားလည်း ရှေ့တန်းမြေပြင်မှာ တော်လှန်ရေးဘက်ကို ဘက်ပြောင်းခိုလှုံလာတဲ့ လူငယ်တွေက များပြားနေတယ်ပေါ့နော်။ ဆိုတော့ ဒါက စစ်ကောင်စီရဲ့ဥပဒေက အလုပ်မဖြစ်ဘူးဆိုတာကို ကျနော်တို့ ပြောလို့ရပါတယ်။ စစ်မှုထမ်းဥပဒေ ထုတ်ပြီးတဲ့နောက်မှာက အလင်းဝင်လာသူ ၁၀၀ ကျော်ရှိပါတယ်” ဟု တာအယ်စိုးက ဖေဖော်ဝါရီ ၇ ရက်နေ့က ပြောဆိုသည်။

အတင်းအဓမ္ မဖမ်းဆီးခံရပြီး ရှေ့တန်းပို့ဆောင်ခံရသည့် စစ်ကောင်စီတပ်သားများ တော်လှန်ရေးတပ်ဖွဲ့ဘက်ကို ပူးပေါင်းပါဝင်လာသူ ပိုများလာသလို ရှေ့တန်းတိုက်ပွဲများ၌ အကျအဆုံးများနေသည်ဟု သိရသည်။

ယခုနှစ် ၂၀၂၅ အတွင်း တော်လှန်ရေး တပ်ရင်းတပ်ဖွဲ့အသီးသီးထံ ဝင်ရောက်ခိုလှုံလာကြသည့် တပ်သားများ ပိုများလာသလို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူ KNDF တပ်ရင်းအမှတ် (၉) ထံ ဝင်ရောက်ခိုလှုံလာကြောင်း သိရသည်။

ပြီးခဲ့သည့် ၃ လ အတွင်း KNDF တပ်ရင်း (၉) ထံ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား ၅ ဦးရှိပြီး ယခု ၂၀၂၅၊ ဇန်နဝါရီ တစ်လအတွင်းမှာပင် KNDF ထံ ဘက်ပြောင်းခိုလှုံလာသော စစ်ကောင်စီတပ်သား ဒု-အရာခံဗိုလ်တစ်ဦး အပါအဝင် ၁၀ ဦးရှိကြောင်း KNDF က ထုတ်ပြန်ထားသည်။

ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။