ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမြို့တွင် ညဘက်ပိုင်း ဖွင့်လှစ်ရောင်းချကြသည့် ညဈေးဆိုင်များမှာ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်း ရပ်တည်ရခက်ခဲလာသည်ဟု ဒေသခံများကပြောသည်။
တောင်ကြီးမြို့ ပြည်တော်သာရပ်ကွက်တွင် အကင်ဆိုင်ဖွင့်ထားသည့် ဆိုင်ရှင်တစ်ဦးက “မနက်စာ ခေါက်ဆွဲနဲ့ ညဘက် အကင် ရောင်းတာပေါ့။ အရင်က တစ်ရက်ကို အနည်းဆုံး ၁၂ သိန်း ရောင်းရတယ်။ စစ်မှုထမ်း ပေါ်လာပြီးတော့ အများဆုံးမှ ၃ သိန်းပဲ ရတော့တာ။ နောက်ပိုင်းကျတော့ ဘယ်သူမှမလာတော့လို့ အကင်ကို ရပ်ထားရတယ်။ မနက်စာပဲ ရောင်းနေရတယ်။ အကင်က ပြန်ဖွင့်ဖို့ မသေချာတော့ဘူး” ဟု ပြောသည်။
ယခင်က ည ၉ နာရီအထိ ဖွင့်လှစ်ခဲ့ကြသည့် ဈေးဆိုင်များမှာ ဝယ်ယူစားသုံးသူ လျော့နည်းလာသောကြောင့် ည ၇ နာရီ ဝန်းကျင်တွင် ပိတ်သိမ်းနေရပြီး ဆိုင်အချို့မှာလည်း အရှုံးပေါ်လာ၍ လုံးဝပင် ပိတ်သိမ်းလိုက်ရပြီဟု ဆိုင်ပိုင်ရှင်တချို့က ပြောသည်။
တောင်ကြီးမြို့ရှိ မြို့မဈေးအနီး ညဈေးတန်းနှင့် ဘောလုံးကွင်းအနီးက ညဈေးတန်းတို့မှာ ယခင်က ပြည်တွင်း ခရီးသွား အများအပြား လာရောက်ကြသော်လည်း လတ်တလောတွင် မြို့ခံများပင် လာရောက်သူ လျော့နည်း သွားသည်ဟု ဈေးသည်များက ပြောဆိုသည်။
ပိတ်သိမ်းလိုက်သည့် ဆိုင်အများစုမှာ လူငယ်များ ဖွင့်လှစ်ရောင်းချကြသည့် ဆိုင်များဖြစ်ပြီး လက်ရှိတွင် အဆိုပါ လူငယ်များမှာ ထိုင်းနိုင်ငံနှင့် လွတ်မြောက်နယ်မြေများသို့ တိမ်းရှောင်သွားကြပြီဟု မြို့ခံအချို့က ပြောသည်။
စစ်မှုထမ်းဥပဒေတွင် အကျုံးဝင်သည့် လူငယ်တစ်ဦးက “ဆိုင်ဖွင့်ဖို့ ၆ လစာချုပ် ချုပ်ပြီးသွားပြီ။ အကုန်ပြင်ဆင် ပြီးပြီ။ စစ်မှုထမ်း ကိစ္စပေါ်လာတော့ စားပွဲတွေ ကုလားထိုင်တွေ တဝက်ဈေးနဲ့ ပြန်သွင်းလိုက်ရတယ်။ ကိုယ်တိုင်လည်း အခု လွတ်မြောက်နယ်မြေမှာပဲ။ ဆိုင်ဖွင့်ရင်လည်း ဝယ်သူမရှိတာနဲ့ ရှုံးမှာပဲဆိုပြီး မဖွင့်ဖြစ် တော့တာ” ဟု ပြောသည်။
တောင်ကြီးမြို့တွင် ညဘက် ဖွင့်လှစ်ရောင်းချနေကြသည့် ဆိုင်ပေါင်း ၅၀ နီးပါးခန့် ပိတ်သိမ်းလိုက်ရပြီး အချို့မှာ ရန်ကုန်နှင့် မန္တလေး မြို့ကြီးများသို့ ပြောင်းရွှေ့သွားကြသည်ဟု နီးစပ်သူများက ပြောပါသည်။
စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဌာန်းခဲ့ပြီးသည့် နောက်ပိုင်းမှစ၍ တောင်ကြီးမြို့ရှိ လူငယ်များသည် စိုးရိမ်ပူပန်နေကြပြီး ညဘက် အပြင်ထွက်သူ လူဦးရေမှာလည်း ယခင်ထက် ၃ ပုံ ၂ ပုံခန့် အထိ လျော့နည်းသွားသည်ဟု မြို့ခံပြည်သူများက ပြောသည်။
NMG ပေးပို့သည်။