စစ်ပွဲပဋိပက္ခကြောင့် ကရင်နီတွင် တစ်နှစ်အတွင်း အရပ်သား ၁၀၆ ဦးသေဆုံးခဲ့

By MPM 4 မတ်, 2025 👁 7

စစ်အာဏာသိမ်းနောက်ဆက်တွဲ တိုက်ပွဲပဋိပက္ခများကြောင့် ၂၀၂၄ ခုနှစ်အတွင်း ကရင်နီပြည်နှင့် ဖယ်ခုံမြို့နယ်တွင် အရပ်သား ၁၀၆ ဦး သေဆုံးခဲ့ပြီး ၄၅၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟူ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ ဒရုန်း၊ လေကြောင်း၊ လက်နက်ကြီး၊ သတ်ဖြတ်မှု၊ ရမ်းသန်းပစ်ခတ်မှု၊ မပေါက်ကွဲသေးသည့် လက်နက်မီးယမ်း၊ မြေမြှုပ်မိုင်းတို့ကြောင့် သေဆုံးမှုရှိတာအပြင် အာဟာရချို့တဲ့ခြင်းကြောင့် ယောကျာ်းငယ်တစ်ဦး၊ မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကရင်နီပြည်တွင် စစ်ဘေးရှောင်ကာလ ရှည်ကြာလာသည်နှင့်အမျှ စားသောက်ရေးချိုတဲ့လာသော စစ်ဘေးရှောင် မိသားစုဝင်များကို ပိုမိုတွေ့ရှိလာသည်ဟု စစ်ဘေးရှောင်ကူညီလုပ်ကိုင်သူများနှင့် ဒေသခံတို့က ပြောသည်။

ယင်းအပြင် တစ်နှစ်အတွင်း ထိခိုက်ဒဏ်ရာရသူ ၄၅၀ ဦးရှိခဲ့သည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ဦးဗညားက ပြောသည်။

“ထိခိုက်ဒဏ်ရာရတဲ့ပုံစံကိုကြည့်ရင်တော့ အများဆုံးက လက်နက်ကြီးပစ်ခတ်မှုကြောင့်၊ လေယာဥ်ပစ်ခတ်မှုကြောင့် အဓိက လေယာဥ်ပစ်ခတ်မှုကြောင့် အများဆုံးဖြစ်ပါတယ်။ ပြီးတော့ မိုင်းလည်းပါတယ်” ဟု ဦးဗညားက ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ အများဆုံးဖြစ်ခဲ့ပြီး ဖယ်ခုံမြို့နယ်တွင် ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှု အများဆုံးဖြစ်ကြောင်း ဦးဗညားက ဆိုသည်။

ရှမ်း-ကရင်နီနယ်စပ်ဒေသ ဖယ်ခုံမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် စက်တင်ဘာလကစ၍ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု မကြာခဏ လုပ်ဆောင်ခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးမှုအပြင် စစ်ဘေးတိမ်းရှောင်ရသူလည်း တစ်ထောင်ကျော် ရှိလာခဲ့သည်။

စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ကရင်နီပြည်နှင့် ဖယ်ခုံမြို့နယ်အတွင်း သေဆုံးသွားသည့် အရပ်သားပြည်သူ ၅၅၀ ဦး ရှိခဲ့သည်ဟုလည်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က မတ်လ ၁ ရက်နေ့က ထုတ်ပြန်ပြောဆိုထားသည်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။