ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက် (ဗျိုင်းဖြူရွာ) မှ ဒေသခံတစ်ဦးသည် စစ်ကြောရေးကာလအတွင်း စစ်ကောင်စီ၏ နှိပ်စက်မှုဒဏ်ကြောင့် စက်တင်ဘာ ၂၁ ရက်တွင် သေဆုံးသွားသည်ဟု မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။
“ဗျိုင်းဖြူရွာက အစုလိုက်အပြုံလိုက် ဖမ်းတဲ့အထဲမှာ ပါသွားတာ။ တရားစွဲဆိုခံရပြီး ရုံးတက်ရတယ်။ အပြစ်မလုပ်ထားတော့ ပြန်လွတ်လာတယ်။ ဒါပေမဲ့ စစ်ကြောရေးမှာ ရိုက်နှက်ခံရပြီး အဆုပ်တွေ ကြေမွသွားတယ်လေ။ ဆေးရုံတင်ပေမယ့် အသက်မရှင်လိုက်ဘူး” ဟု AA ထိန်းချုပ်နယ်မြေသို့ရောက်ရှိနေသည့် ၎င်း၏ဆွေမျိုးတစ်ဦးက ပြောသည်။
သေဆုံးသွားသူ အသက် ၂၈ နှစ်အရွယ် ကိုအပိန်ချေသည် ဗျိုင်းဖြူရွာသားများနှင့်အတူ ပြီးခဲ့သည့် မေလအတွင်း စစ်ကောင်စီ၏ ဖမ်းဆီးမှုခံခဲ့ရပြီးနောက် ဇူလိုင်လတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။
ကိုအပိန်ချေမှာ စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးစဉ်အတွင်း ဒဏ်ရာပြင်းထန်စွာရရှိခဲ့သဖြင့် စစ်တွေဆေးရုံတွင် ၂ လခန့်ကြာ ဆေးကုသမှုခံယူခဲ့သော်လည်း အတွင်းဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
စစ်ကြောရေးတွင် ရိုက်နှက်ခံရသည့်ဒဏ်ရာများကြောင့် ဗျိုင်းဖြူရွာသား ၂၇ ဦးသည် ပြီးခဲ့သည့် ဇွန်လအတွင်း စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ကြရပြီး ယင်းတို့ထဲမှ ဦးကံသိန်းထွန်းနှင့် ဦးမဲလာတို့မှာ စစ်ကြောရေး၌ နှိပ်စက်ခံရမှုဒဏ်ကြောင့် ဇွန်လ ၁၁ ရက်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
လက်ရှိ၌ စစ်ကြောရေးတွင် ဖမ်းဆီးနှိပ်စက်ခံရမှုဒဏ်ကြောင့် ဗျိုင်းဖြူရွာမှ သေဆုံးသူ ၃ ဦးအထိရှိလာနေပြီး စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ ၎င်းတို့၏မိသားစုဝင်များ၊ ဒေသခံများက တရားမျှတမှု လိုလားနေကြသည်။
ဗျိုင်းဖြူရွာသားတစ်ဦးက “ကျနော်မိသားစုတင်မက တစ်ရွာလုံး ဒုက္ခရောက်ခဲ့ကြတယ်။ ဖမ်းသွားတဲ့သူတွေကိုလည်း စစ်ကြောရေးမှာ အမျိုးမျိုးနှိပ်စက်လို့ သေကြရတယ်။ ပြည်သူတွေကိုလုပ်တာကို တာဝန်ရှိသူတွေက အရေးယူပေးဖို့ တောင်းဆိုချင်တယ်” ဟု ပြောသည်။
ပြီးခဲ့သည့် မေလ ၂၉ ရက်က စစ်ကောင်စီနှင့် အပေါင်းအပါများသည် စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာသို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ပြီး လူ ၈၀ နီးပါးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကာ ကျေးရွာသား ၃၀၀ ခန့်ကို ဖမ်းဆီးသွားခဲ့သည်။
ယင်းတို့ထဲမှ တချို့ကို ပြန်လွှတ်ပေးခဲ့ပြီး ကျေးရွာသား ၂၄၂ ဦးကို AA နှင့် ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁)၊ ရာဇဝတ်မှု ဥပဒေပုဒ်မ ၁၈၈ တို့ဖြင့် တရားစွဲဆိုခဲ့ကြောင်း ကျေးရွာသားများထံမှ သိရသည်။
ယင်းနောက် ဩဂုတ်လနှင့် စက်တင်ဘာလအတွင်းက တရားစွဲခံထားရသော ဗျိုင်းဖြူရွာသား ၂၄၂ ဦးထဲမှ ၈ ဦးကို ပြန်လွှတ်ကာ ကျန် ၂၃၄ ဦးသည် ထောင်ဒဏ် ၃ နှစ်စီ အသီးသီးချမှတ်ခံခဲ့ရသည်။
အောင်ထိန် (DMG) ပေးပို့သည်။