စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့် စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှ လူငယ် ၄ ဦးကို စစ်ကောင်စီတပ်နှင့် ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် (ALP) တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း မိသားစုဝင်များနှင့် နီးစပ်သူတို့က ပြောသည်။
ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက်ပိုင်းတွင် မင်းဂံရပ်ကွက် ၁၂ နှင့် ၁၄ ရပ်ကွက်သို့ စစ်ကောင်စီနှင့် ALP တပ်ဖွဲ့ဝင် အင်အား ၁၀ ကျော်လာရောက်ကာ အသက် (၂၀) အရွယ် မောင်ဇော်နိုင်ဦး၊ မောင်နီတူးချေ၊ မောင်ပုချေ၊ မောင်ဆန်းကိုဦးတို့ကို နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးသွားခဲ့သည်ဟု ဆိုသည်။
စစ်တွေမြို့ခံတစ်ဦးက “ရပ်ကွက်တစ်ခုက နှစ်ယောက်စီပါသွားတယ်လို့ သိရတယ်။ ဖမ်းသွားတာက အကုန်လုံး လူငယ်တွေ ဖြစ်တယ်။ လူ ၁၀ ကျော်က ကားနဲ့ လာခေါ်သွားတာလို့သိရတယ်။ ဘာကြောင့် ဖမ်းသွားမှန်းတော့ မသိရဘူး” ဟု ပြောသည်။
ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များသည် ဖေဖော်ဝါရီ ၉ ရက်၊ ညနေပိုင်းတွင် အမှတ် (၁) ရဲစခန်းနှင့် ALP ရုံးသို့ သွားရောက်တွေ့ခွင့်တောင်းခဲ့သော်လည်း တာဝန်ရှိသူအချို့က စစ်ဆေးစရာကျန်ရှိသေး၍ နောက်ထပ် ရက်အနည်းငယ် လိုအပ်သည်ဟု ပြောကြားလိုက်သည်ဟု ဆိုသည်။
“သူတို့ကို စစ်ဆေးစရာရှိသေးတဲ့အတွက် နောက်ထပ် ၄ ရက်လောက် ကြာအုံးမယ်လို့ ပြောလိုက်တယ်။ သူတို့နဲ့တော့ အနီးကပ်မတွေ့ခဲ့ရဘူး။ ထမင်းစားရလား၊ ရေသောက်ရလား ဆိုတာတော့ မသိဘူး။ မိသားစုဝင် တွေကတော့ စိုးရိမ်နေကြတယ်” ဟု ဖမ်းဆီးခံရသူမိသားစုနှင့် နီးစပ်သူက ပြောသည်။
အဆိုပါ လူငယ် ၄ ဦးကို ဖမ်းဆီးသွားသည့် ကိစ္စနှင့်ပတ်သက်၍ ALP ဥက္ကဌနှင့် အထွေထွေအတွင်းရေးမှူး ခိုင်သူရိန်တို့ကို ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း အဆင်မပြေခဲ့ပေ။
ရခိုင်တွင်တိုက်ပွဲဖြစ်ပွားသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ ALP သည် စစ်ကောင်စီနှင့် ပူးပေါင်းပြီး စစ်တွေမြို့တွင် အရပ်သားများကို ဖမ်းဆီးငွေညှစ်ခြင်း၊ ခရီးသွားများနှင့် ကုန်သည်များထံမှ ဆက်ကြေးကောက်ခံခြင်းတို့ကို လုပ်ဆောင်လျက် ရှိနေသည်။
စစ်ကောင်စီက စစ်တွေမြို့ခံများအား ဖမ်းဆီးတရားစွဲဆိုရန် ALP က ပူးပေါင်းပါဝင် ဖမ်းဆီးခြင်းအပြင် စစ်ကောင်စီနှင့် ပူးပေါင်းပြီး စစ်ရေးဆောင်ရွက်နေခြင်းတို့အား ပေါ်ပေါ်ထင်ထင် ပြုလုပ်နေသည်ကို တွေ့မြင်ရကြောင်း ဒေသခံများက ပြောဆိုကြသည်။
အောင်ထိန် (DMG) ပေးပို့သည်။