23 ဧပြီ 2025 /

See today's Peace Related News

သတင်းစစ်တွေတွင် စစ်ရှောင်လိုသူများထံမှ ပွဲစားတချို့က စစ်ကောင်စီနှင့်ပေါင်းပြီ ငွေကြေးလိမ်လည်မှုရှိနေ

စစ်တွေတွင် စစ်ရှောင်လိုသူများထံမှ ပွဲစားတချို့က စစ်ကောင်စီနှင့်ပေါင်းပြီ ငွေကြေးလိမ်လည်မှုရှိနေ

ရခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်ရှောင်လိုသူများထံမှ ပွဲစားတချို့က စစ်ကောင်စီတပ်နှင့်ပူးပေါင်းပြီး ငွေကြေး ရယူလိမ်လည်နေကြကြောင်း ကိုယ်တွေ့ကြုံခဲ့ရပြီး စစ်ကောင်စီဖမ်းဆီးမှုခံခဲ့ရသည့် စစ်တွေဒေသခံများက ပြောဆိုသည်။

စစ်တွေမြို့ထဲမှ လွတ်မြောက်နယ်မြေများသို့ တိမ်းရှောင်လိုသူမြို့ခံတို့အား ပွဲစားများက ငွေကျပ် ၁၂ သိန်းမှ ၁၅ သိန်းထိတောင်းခံပြီး စစ်သားများနှင့်ပေါင်းကာ စစ်တွေမြို့ပြင်ကို စစ်ကောင်တပ်၏ ဖမ်းဆီးခံရခြင်းမရှိဘဲ ထွက်ခွာသွားနိုင်သည်ဟု လိမ်လည်ငွေကြေးယူနေခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောဆိုကြသည်။

“လက်နက်ကြီးသံတွေ လက်နက်ငယ်ပစ်ခတ်သံတွေ ကြားလာရတော့ မြို့တွင်းကဒေသခံတွေ မနေရဲတော့ဘူး။ ဒီကာလမှာ စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်စားနေတဲ့ ပွဲစားတချို့က ဒေသခံတွေကိုစည်းရုံးတယ်။ စစ်ရှောင်လို့ရတယ်။ ဘာမှမဖြစ်ဘူး။ငါတို့ စစ်သားတွေနဲ့ ညှိထားပြီးသားဆိုပြီး ပြောတယ်။ ဒီတော့ ဒေသခံတွေက ကြောက်လည်းကြောက်ဆိုတော့ နယ်ကိုစစ်ရှောင်ဖို့လုပ်ကြတာ။ စက်လှေထားတဲ့ ရေစပ်နားရောက်တာနဲ့ အဖမ်းခံရတာပဲ။ ပိုက်ဆံတွေဆုံးပြီပေါ့။ အဲ့ဒီလို လုပ်စားနေကြတာ” ဟု ကိုယ်တွေကြုံခဲ့သူ စစ်တွေဒေသခံက ပြောသည်။

စစ်ကောင်စီသည် စစ်တွေဒေသခံများကို မြို့တွင်းမှမြို့ပြင်သို့ ထွက်ခွင့်ကို တင်းတင်းကြပ်ကြပ် ပိတ်ထားပြီး တိုက်ပွဲများ ဖြစ်ပွားလာပါ စစ်တွေဒေသခံများကိုလူသားဒိုင်းကာအဖြစ် အသုံးချရန် ထိန်းချုပ်ထားသည်ဟု ဆိုသည်။

“စစ်သားတွေက ကင်းပုန်းဝပ်နေတာတွေလည်း တွေ့ခဲ့တယ်။ စစ်တွေမြို့ပြင်အထွက် ကမ်းစပ်နေရာတွေမှာ လည်း စစ်သားနဲ့ရဲတွေ ရှိတယ်။ သူတို့နဲ့ ညှိနိုင်းထားတယ်ဆိုပေမယ့် တွေ့ရင်ဖမ်းဆီးတယ်” ဟု ၎င်းကဆိုသည်။

စစ်သားများနှင့် ညှိနိုင်းထားပြီးပြီဟု ပွဲစားများက ပြောဆိုသော်လည်း စစ်တွေမြို့ပြင်တွင် လုံခြုံရေးယူထားသည့် စစ်သားများနှင့်တွေ့ပါက ထွက်ခွင့်မပေးသည့်အပြင် ဖမ်းဆီးခြင်းခံရပြီး ပွဲစားများသို့ ပေးလိုက်ရသည့် ငွေများမှာလည်း ပြန်မရတော့ဘဲ ဆုံးရှုံးသွားခဲ့ရသည်ဟု ၎င်းက ဆက်ပြောသည်။

နယ်ဖက်သို့ စစ်ဘေးရှောင်ထွက်ပြေးကြသူများ ဖမ်းဆီးခံရချိန်တွင် အမှတ် (၁) ရဲစခန်းသို့ မပို့ဆောင်ဘဲ နီးစပ်ရာ စစ်ကောင်စီဂိတ်စခန်းတွင်ထားရှိကာ ဒဏ်ရိုက်၍ မြို့တွင်းသို့ ပြန်လွတ်ပေးခံခဲ့ရသည်ဟု စစ်တွေဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ညဖက်ထွက်ကြလို့ ညဖက်မှာ ဖမ်းတယ်။ မနက်ရောက်ရင် အဲဒီဂိတ်စခန်းတွေကနေ လူတစ်ယောက်ကို ငွေ ၁ သိန်းဆို ၁ သိန်း ထပ်တောင်းတယ်။ ဒဏ်ရိုက်တယ်ဆိုပြီး တောင်းယူတာ။ ပြီးရင်မြို့ထဲကို ပြန်ပို့တယ်” ဟု အဆိုပါစစ်တွေဒေသခံအမျိုးသမီးက ပြောသည်။

ယင်းအပြင် ပွဲစားများက စစ်ကောင်စီတပ်မှ ဖမ်းဆီးထားယောင်ဆောင်ပြကာ စစ်ရှောင်များကပေးထားသည့် ငွေကြေးများကို စစ်ကောင်စီတပ်က သိမ်းယူသွားသည့်ပုံစံဖြင့် ဒေသခံများထံမှ ယူထားသည့်ငွေများကို ပြန်မပေးတော့ဘဲ လုပ်စားနေသည်ဟု ၎င်းက ဆက်ပြောသည်။

“ပွဲစားတွေကို စစ်တပ်က ဖမ်းချင်ယောင်ဆောင်တယ်။ ဒေသခံတွေကို ပြန်လွှတ်တယ်။ ငွေတွေပြန်တောင်းတော့ စစ်ကောင်စီက ငွေတွေကိုသိမ်းသွားလို့ ပြန်မရတော့ဘူးပေါ့။ အဲ့သလိုမျိုးပေါင်းပြီး လုပ်စားတာ ရင်နာဖို့ကောင်းတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် စစ်တွေဒေသခံများမှာ  တိုက်ပွဲများကြား အန္တရာယ်ဖြစ်မည်ကိုစိုးရိမ်၍ နယ်ဖက်သို့ ထွက်ပြေးတိမ်းရှောင်လိုသော်လည်း ပြေးစရာထွက်ပေါက်မရှိ ဖြစ်နေသကဲ့သို့ မြို့ထဲတွင် သွားလာနေထိုင်မှုကိုလည်း နည်းမျိုးစုံဖြင့် ကန့်သတ်ပိတ်ပင်ခံနေရသည်ဟု သိရသည်။

နိရဉ္စရာ ပေးပို့သည်။