စစ်ခေါင်းဆောင် သမ္မတ ဖြစ်လာမှုကို တရုတ်၊ ရုရှားနဲ့ ဘယ်လာရုစ်တို့ ဂုဏ်ပြု

By MPM 4 ဧပြီ, 2026 👁 4

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတဖြစ်လာမှုကို တရုတ်၊ ရုရှားနဲ့ ဘီလာရုစ်နိုင်ငံတို့က ဂုဏ်ပြုဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့လာတယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။

တရုတ် သမ္မတ ရှီကျင့်ဖျင်က စစ်ခေါင်းဆောင် သမ္မတ ဖြစ်မှုအပေါ် ဝမ်းမြောက်ကြောင်းနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးတိုးတက်မှုအတွက် ပိုမိုပါဝင်ကူညီပေးနိုင်ဖို့ မျှော်လင့်တယ်လို့ သဝဏ်လွှာပေးပို့ထားပါတယ်။

ရုရှားသမ္မတ ပူတင်ကလည်း စစ်ခေါင်းဆောင် သမ္မတ သက်တမ်းအတွင်း နှစ်နိုင်ငံ အကျိုးစီးပွားအပါအဝင် အာရှ – ပစိဖိတ်ဒေသရဲ့ တည်ငြိမ်းရေးနဲ့ လုံခြုံရေးကို အပြုသဘောဆောင်တဲ့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုတိုးတက်လာမယ်လို့ ယုံကြည်ကြောင်း သဝဏ်လွှာပေးပို့ထားတာပါ။

ဘယ်လာရုစ် သမ္မတ လူကာရှန်ကိုက မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ပိုမိုတိုးမြှင့်နိုင်ရေးအတွက် သဘောတူညီချက်တွေကို အကောင်အထည်ဖော်မယ့် ဘယ်လာရုစ်နိုင်ငံရဲ့ ကတိကဝတ်ကို ထပ်မံအတည်ပြုတယ်လို့ ဆိုထားပါတယ်။

သမ္မတဖြစ်ချင်လို့ နိုင်ငံ့အာဏာကို သိမ်းယူခဲ့တဲ့ စစ်ခေါင်းဆောင်ဟာ စစ်တပ်အပေါင်းအပါတွေ ကြီးစိုးတဲ့ လွှတ်တော်မှာ မနေ့ ဧပြီ ၃ ရက်နေ့က ထောက်ခံမဲ ၄၂၉ မဲနဲ့ နိုင်ငံတော် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံပြီး ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေကနေ သမ္မတရွေးချယ်မှု လေးကြိမ်ပြုလုပ်ခဲ့တဲ့ထဲမှာ အရပ်ဝတ်လဲတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ အတိုက်အခံမပါဘဲ တပ်ချုပ်ရာထူးကနေ ပထမဆုံး သမ္မတ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ်