စစ်ခေါင်းဆောင်အားဖိတ်ကြားမှု ဝန်ကြီးချုပ်အား ထိုင်းလွှတ်တော်အမတ် မေးခွန်းထုတ်

By MPM 3 ဧပြီ, 2025 👁 5

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ထိုင်းနိုင်ငံတွင်ကျင်းပမည့် BIMSTEC ထိပ်သီးအစည်းအဝေးတက်ရန် ဖိတ်ကြားမှုနှင့်ပတ်သက်၍ ထိုင်းဝန်ကြီးချုပ်အနေဖြင့် ရှင်းလင်းစွာတင်ပြရန်လိုအပ်ကြောင်း ထိုင်းလွှတ်တော်အမတ်က ပြောဆိုလိုက်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံတွင်ပြုလုပ်မည့် ခြောက်ကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေးကို တက်ရောက်မည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ရုပ်သံဌာန MRTV က ဧပြီလ ၂ ရက်နေ့ ည ၈ နာရီသတင်းတွင် ကြေညာခဲ့သည်။

စစ်ခေါင်းဆောင်အား ဖိတ်ကြားမှုနှင့်ပတ်သက်၍ ထိုင်းလွှတ်တော်အမတ်ကနဝီ (Kannavee Suebsang) က “ဝန်ကြီးချုပ်ကို မေးမြန်းချင်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့ပြီး ထိုင်းနိုင်ငံအထိ သက်ရောက်ခဲ့တဲ့ ငလျင်ကြောင့် လူတိုင်းစိတ်မကောင်းဖြစ်နေကြချိန်မှာ နိုင်ငံအများအပြားက ဝမ်းနည်းကြောင်း ပြသနေချိန်မှာ စစ်ခေါင်းဆောင်ကို ထိုင်းနိုင်ငံဆီ ဖိတ်ခေါ်ခဲ့လို့ဖြစ်ပါတယ်” ဟု ဧပြီလ ၃ ရက်နေ့ ထိုင်းလွှတ်တော်အစည်းအဝေးတွင် မေးမြန်းပြောဆိုခဲ့သည်။

ဘင်္ဂလားပင်လယ်အော်ဒေသနိုင်ငံများ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (BIMSTEC) အစည်းအဝေးကို ဧပြီလ ၃ ရက်နေ့နှင့် ၄ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါအစည်းအဝေးသို့ တက်ရောက်ရန်အတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧပြီလ ၃ ရက်နေ့၊ နေ့လည်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ရောက်ရှိမည်ဖြစ်သည်။

ထိုင်းလွှတ်တော်အမတ် Kannavee Suebsang က “မြန်မာနိုင်ငံမှာ ငလျင်လှုပ်ခတ်ပြီးနောက် ၂ မိနစ်အကြာမှာ မင်းအောင်လှိုင်က တိုက်လေယာဉ်တွေနဲ့ တစ်နိုင်ငံလုံးက အရပ်သားတွေကို လေကြောင်းကနေ ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်ဖို့ အမိန့်ပေးစေခိုင်းခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့လ ၂၈ ရက်နေ့ ကနေ ၃၁ ရက်နေ့အတွင်း တိုက်ခိုက်မှု အကြိမ် ၂၀ ရှိခဲ့ပြီး လူ ၁၂ ယောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။ မနေ့ကအထိ တိုက်ခိုက်မှုပေါင်း ၄၈ ကြိမ် ရှိခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ်အနေနဲ့ မင်းအောင်လှိုင်ကို ထိုင်းနိုင်ငံဆီ တရားဝင် ဖိတ်ကြားခဲ့တဲ့ အကြောင်းအရင်းကို လာရောက်ရှင်းလင်းတင်ပြရပါမယ်” ဟု ဆက်လက် မေးခွန်းထုတ်ထားသည်။

စစ်ခေါင်းဆောင်အား နိုင်ငံတကာတွင် တရားဝင်အစည်းအဝေးကြီးများ ဖိတ်ကြားခြင်းမျိုးမရှိခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် နိုင်ငံခြားခရီးစဉ်အနေဖြင့် ရုရှားနှင့် တရုတ်နိုင်ငံကိုသာ သွားရောက်ခဲ့ကြောင်း၊ တတိယမြောက် သွားရောက်မည့်နိုင်ငံမှာ ထိုင်းနိုင်ငံဖြစ်လာသည်ဟု ဆိုသည်။

စစ်ခေါင်းဆောင်အား ယခုအစည်းအဝေးသို့ ဖိတ်ကြားမှုကြောင့် ထိုင်းနိုင်ငံ၏ သံတမန်ရေးရာရပ်တည်ချက်မှာ နိုင်ငံတကာအသိုင်းအဝိုင်းတွင် ထိလွယ်ရှလွယ် အခြေအနေမျိုးတွင်ရှိနေကြောင်း၊ ထိုင်းနိုင်ငံမှာ ဝေဖန်တိုက်ခိုက်မှုကိုခံရမှာ သေချာကြောင်း ထို့ကြောင့် လွှတ်တော်အစည်းအဝေးမှတဆင့် ဝန်ကြီးချုပ်ထံ မေးခွန်းမေးလိုပါသည်ဟု ထိုင်းလွှတ်တော်အမတ် ကနဝီက ဆိုသည်။

အလားတူ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို BIMSTEC ထိပ်သီးအစည်းအဝေးတွင် ပါဝင်ခွင့်ပေးသည့်အပေါ် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) ကလည်း ဧပြီလ ၂ ရက် နေ့တွင် ထောက်ပြဝေဖန်ခဲ့သည်။

စစ်အာဏာရှင်ကိုတွန်းလှန်နေသည့် ပြည်သူလူကိုကို ထောက်ပံ့ရမည့်အစား စစ်အစိုးရကို စင်မြင့်တစ်ခု ပေးလိုက်ခြင်းသာ ဖြစ်သည်ဟု အိန္ဒိယ၊ ထိုင်း၊ နီပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနှင့် မြန်မာနိုင်ငံတို့ ပါဝင်ဖွဲ့စည်းထားသည် APHR အဖွဲ့က ဆိုသည်။

စစ်ကောင်စီကို စားပွဲဝိုင်းတွင် နေရာပေးခြင်းက ၎င်း၏ ရက်စက်ကြမ်းကြုတ်သည့် အုပ်ချုပ်မှုကို တရားဝင်စေရုံသာမက BIMSTEC အဖွဲ့၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကတိကဝတ်များအပေါ် ယုံကြည်ကိုးစားမှုကို ပျက်ပြားစေသည်ဟု APHR ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

NMG ပေးပို့သည်။