စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ပြောကြားချက်အပေါ် KNU တုံ့ပြန်ပြော

By MPM 7 ဩဂုတ်, 2024 👁

စစ်ကောင်စီတပ်က တိုင်းပြည်အာဏာ တရားမဝင်သိမ်းယူခဲ့မှုကြောင့် ငြိမ်းချမ်းရေးပျက်ပြားခြင်း၊ နိုင်ငံမတည်ငြိမ်သည့်ဖြစ်ရပ်များ ပေါ်ပေါက်လာရခြင်းဖြစ်သည်ဟု KNU က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ပြောဆိုချက်အပေါ် ပြန်လည်တုံ့ပြန်ပြောဆိုလိုက်သည်။

နိုင်ငံတော်လုံခြုံရေးဆိုင်ရာ အခြေအနေဟုဆိုကာ ဩဂုတ်လ ၅ ရက်က နိုင်ငံပိုင်မီဒီယာမှတဆင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းမှုအပေါ် ဆူပူလှုပ်ရှားမှုများဖြစ်ပွားအပြီး ကရင်အမျိုးသားအစည်းအရုံး KNU အပါအဝင် EAO များက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို စစ်သင်တန်းနှင့် လက်နက်တပ်ဆင်ပေးမှုကြောင့် အကြမ်းဖက်မှုများ ပေါ်ပေါက်လာသလို နိုင်ငံတော်ငြိမ်းချမ်းရေး ပျက်ပြားရသည်ဟု ပြောဆိုမှုအပေါ် KNU က အထက်ပါကဲ့သို့ တုံ့ပြန်ပြောခြင်း ဖြစ်သည်။

KNU ပြောခွင့်ရပုဂ္ဂိုလ်ပဒိုစောကလယ်စေးက “ဒါတွေဖြစ်လာတာ မင်းအောင်လှိုင်ကြောင့်ပါ။ အကြမ်းဖက် အာဏာသိမ်းတာကို မလုပ်သင့်ဘူး။ မင်းအောင်လှိုင်အနေနဲ့ အာဏာရဖို့အတွက် လုပ်ဆောင်ရမှာတွေ အများကြီး ရှိတယ်။ ဒီထဲမှာ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ တရားဝင် ရွေးကောက်ပွဲလုပ်ရေးက တစ်ခုအပါအဝင်ပဲ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံပြီးတော့ ရွေးကောက်ပွဲ လုပ်နိုင်ဖို့ကလည်း အချိန်အများကြီး ယူရဦးမှာဖြစ်တယ်” ဟု ပြောသည်။

စစ်ကောင်စီသည် ရှမ်းပြည်နယ်မြောက်ပိုင်းမှအစပြုခဲ့သော ညီနောင်မဟာမိတ်တပ်များ၏ “၁၀၂၇ စစ်ဆင်ရေး” အတွင်း လက်အောက်ခံ တပ်စခန်းအများအပြား လက်လွှတ်ခဲ့ရသည့်အပြင် ဩဂုတ်လ ၃ ရက်နေ့က လားရှိုးမြို့ အခြေစိုက် အစဉ်အလာကြီးမားသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ဆုံးရှုံးလိုက်ရခြင်းမှာ စစ်တပ်သမိုင်း တလျှောက် ကြီးမားသော ရှုံးနိမ့်မှုတစ်ခုအဖြစ် သမိုင်းတွင်စေခဲ့သည်။

ဆက်လက်ပြီး ပဒိုစောကလယ်စေးက “တစ်နိုင်ငံလုံးက သူ့ကိုတွန်းလှန်နေတာ မြင်တွေ့နေရပြီး တပ်စခန်းတွေကို တစ်ခုပြီးတစ်ခု လက်လွှတ်လိုက်ရတဲ့ အခြေအနေ၊ နောက်လည်း လက်လွှတ်ရဦးမှာဖြစ်တယ်။ ဒါကြောင့် သူတို့မှာ ဒီရွေးကောက်ပွဲအတွက် အချိန်မရှိဘူး။ တော်လှန်ရေးအင်အားစုတွေကို ချေမှုန်းဖို့ကိုလည်း သူမျှော်လင့်လို့ မရဘူး။ ချေမှုန်းလို့မရအောင်လည်း ကျနော်တို့အနေနဲ့ ကြိုးပမ်းရမှာပါ” ဟု ပြောဆိုသည်။

ထို့အပြင် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှ အကျိုးအမြတ်များစွာရရှိနေသော စစ်ကောင်စီက တဆထက် တဆ ခြေဆန့်လှုပ်ရှားရေး ဆုံးရှုံးလာသော တောင်ပိုင်းဒေသ၊ ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ မြို့များကို KNU အုပ်ချုပ်ခွင့်မရရေး ပြီးခဲ့သည့် ဧပြီလပိုင်းက အင်အားအများအပြားနှင့် အောင်ဇေယျအမည်ရှိ နိုင်ငံတော်အဆင့် စစ်ဆင်ရေး ဖော်ဆောင်ခဲ့သော်လည်း အရှုံးဖြင့်သာ ရင်ဆိုင်နေရသည်။

စစ်ခေါင်းဆောင်၏ ပြောကြားချက်တွင် KNU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အချို့သည် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးထားကြသော်လည်း PDF ထောက်ပံ့မှုအပါအဝင် ကရင်ပြည်နယ်အတွင်း စစ်ရေးဖော်ဆောင်မှုတို့ကြောင့် နယ်စပ်ကုန်သွယ်ရေးထိခိုက်ပြီး နိုင်ငံပြည်သူအကျိုးစီးပွားကို ထိခိုက်ခြင်းဖြစ်သည်ဟု ပါရှိသည်။

ယင်းသို့ပြောဆိုမှုအပေါ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက “NCA ကတော့ မင်းအောင်လှိုင်လည်း ဖျက်လိုက်သလို တိုင်းရင်းသားတွေလည်း ဖျက်လိုက်ပြီ ဆိုတာ တစ်တိုင်းပြည်လုံးသိတယ်။ မင်းအောင်လှိုင်ကို သူများတွေက အာဏာရူးလို့ခေါ်တယ်။ ဒါကလည်း တစ်နိုင်ငံလုံး သိကြတာပဲ၊ သူ့ဘာသာသူ ပြောချင်ရာပြော ကိုယ့်အလုပ် ကိုယ်ဆက်လုပ်သွားမယ်လို့ပဲ ပြောချင်တယ်” ဟု တုံ့ပြန်ပြောဆိုသည်။

ယင်းအပြင် KNU ၏ ကရင်ပြည်ရရှိရေး လမ်းစဥ်အရ တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ရမည် ဖြစ်သော်လည်း စစ်ကောင်စီနှင့် ဆွေးနွေးဆက်ဆံနေခြင်းက အာဏာသိမ်းမှုကို အားပေးရာရောက်သဖြင့် တွေ့ဆုံဆွေးနွေး၍ မရကြောင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလပိုင်းက အွန်လိုင်းအစီအစဥ်တစ်ခုတွင် ဗိုလ်ချုပ်ကြီးစောဂျော်နီက ထည့်သွင်း ပြောဆိုထားသည်။

စစ်ခေါင်းဆောင်၏ ပြောကြားချက်တွင် KNU ကြောင့် ငြိမ်းချမ်းရေးထိခိုက်သည့်အသွင် တန်ပြန်စွပ်စွဲချက်များ သာမက လက်ရှိစစ်အာဏာရှင်စနစ် အမြစ်ပြတ်ရန် တိုက်ခိုက်နေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ တအာင်းတပ်ဖွဲ့ (TNLA)၊ အာရက္ခတပ်တော် (AA) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ဆက်စပ်၍လည်း ပြောဆိုသွားသည်။

ညီနောင်မဟာမိတ်တပ်များသည် စစ်ကောင်စီ၏ ၂၀၂၂ ခုနှစ်က ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို ပယ်ချကာ ပြည်ပ အကူအညီဖြင့် အဆင်မြင့်လက်နက်အသုံးပြု၍ ၎င်းတို့လူမျိုးများနေထိုင်ရာ မဟုတ်သည့် ဒေသခံလူထုအား ရည်ရွယ်တိုက်ခိုက်ခဲ့သည်ဟူသော လူမျိုးရေးအဓိကရုဏ်း ဖြစ်နိုင်ဖွယ်စကားလုံးများဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။

ထို့အပြင် ရှမ်းပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ် အစရှိသည့် နယ်မြေများတွင်လည်း သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်များ၏ တိုက်ပွဲဖော်ဆောင်မှုကြောင့် ဒေသနေပြည်သူများ၏ ငြိမ်းချမ်းရေးနှင့်လူမှုစီးပွား ထိခိုက်ရခြင်းဖြစ်ကြောင်း စစ်ကောင်စီခေါင်းဆောင်က ပြစ်တင်ပြောဆိုခဲ့သည်။

KIC ပေးပို့သည်။