ကရင်နီ (ကယား) ပြည် လွိုင်ကော်မြို့တွင် “တစ်လေးလုံးစစ်ဆင်ရေး” နောက်ပိုင်း တော်လှန်ရေးအဖွဲ့များ ထိန်းသိမ်းထားသည့် လွိုင်ကော်မြို့ပတ်ဝန်းကျင်နှင့် အနီးအနားကျေးရွာတချို့မှ ဒေသခံများ စိုက်ပျိုးထားသည့် စိုက်လက်စ စပါးခင်းများကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ပစ်ထားခဲ့ရကြောင်း တောင်သူများက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လအစောပိုင်းကစပြီး စစ်ကောင်စီတပ်က လွိုင်ကော်မြို့ကို စစ်ကြောင်းထိုး နေရာပြန်ယူလာသည့်အတွက် ဒေသခံတောင်သူများသည် လက်ရှိချိန်တွင် စပါးပျိုးနှုတ်ခြင်း၊ ဆေးဖြန်းခြင်း လုပ်ရမည့်အချိန်ဖြစ်သော်လည်း စစ်ကောင်စီစစ်ကြောင်းကြောင့် နေရပ်မပြန်ရဲကြကြောင်း တောင်သူများက ပြောဆိုသည်။
ထိုအခြေအနေကြောင့် စပါးခင်းများ ပျက်စီးဆုံးရှုံးသည့်အပြင် မရိတ်သိမ်းနိုင်မည်ကို စိုးရိမ်မိကြောင်း လွိုင်ကော်ဒေသခံ တောင်သူတစ်ဦးဖြစ်သည့် ကိုရော့ကီက အခုလို ပြောပါသည်။
“ဇွန်လ ၁၅ ရက်လောက်က စပါးစိုက်တယ်။ ခုဆို တစ်လကျော်လောက် ရှိပါပြီ။ စပါးက ၂ ဧက နီးနီးစိုက် ထားတယ်။ တချို့က ၃ ဧကလောက် စိုက်ကြတယ်။ ဘာကြောင့် ပြန်စိုက်လည်းဆိုတော့ စိုက်စရာဆိုလို့ အဲ့မှာပဲ ရှိတယ်ရော၊ ဒီဘက်ရောက်လာ စစ်ရှောင်တော့လည်း သူများ ခုချိန် စားဝတ်နေရေးခက်ခဲတော့ သူ့မြေနဲ့ကိုယ့်မြေ အပြိုင်အဆိုင်လုပ်ကြတော့ ကိုယ်လုပ်စရာမှ မရှိတော့တာ။ အဲဒါကြောင့် ကိုယ်မြေကိုယ်ပြန်လုပ်ကြတာပေါ့” ဟု ကိုရော့ကီက ပြောသည်။
ကရင်နီစစ်ရှောင်အများစုသည် စားဝတ်နေရေးခက်ခဲပြီး စစ်ရှောင်နေထိုင်သည့် နေရာများတွင်လည်း မူလဒေသခံ များနှင့် စစ်ရှောင်အရင်ရောက်နှင့်နေသူများက ထိုဒေသရှိ စိုက်ပျိုးမြေနေရာများတွင် စပါများ စိုက်ပျိုးထား ကြသည့်အတွက် ၎င်းတို့ လုပ်ကိုင်စိုက်ပျိုးစရာ မြေမနေရာရှိတာကြောင့် မိမိတို့၏ နေရပ်သို့ တော်လှန်ရေး တပ်ဖွဲ့များ ထိန်းချုပ်ထားချိန်က အရဲစွန့်ပြီး စပါးပြန်လာစိုက်ကြခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
သို့ရာတွင် ပြီးခဲ့သည့် ဇူလိုင်လအစောပိုင်းကစပြီး လွိုင်ကော်မြို့ပေါ် နေရာအများစုကို စစ်ကောင်စီက စစ်ကြောင်း ထိုးလာပြီး နယ်မြေပြန်ထိန်းချုပ်နိုင်ရေး လုပ်ဆောင်လာသည့်အတွက် စပါးစိုက်ပျိုးထားသော ဒေသခံတောင်သူ များမှာ စပါးခင်းများကို ပြန်ကြည့်ရန် စိုးရိမ်မှုရှိပြီး အခက်ခဲကြုံနေရသည်ဟု ပြောဆိုသည်။
“ဟိုရောက် (စပါးခင်း) တော့လည်း လယ်ထဲ အရင်ချောင်းကြည့်ရတယ် ။ သူများရှိလား မရှိလား။ သူများ နည်းနည်းပါးပါးရှိမှ သွားရတယ်။ ဒါပေမဲ့ သွားကြည့်တဲ့အခါ မနက်ပိုင်းပဲရတယ်။ အချိန်အကြာကြီး သွားမကြည့်နဲ့။ စစ်ကောင်စီဘက်ကနေ ပစ်လာတဲ့ ပွိုင့် 5 က ခေါင်းပေါ် ရောက်လာလိမ့်မယ်။ ပြီးတော့ ခေါင်းပေါ်မှာ ဒရုန်းတွေပဲ။ ယင်ကောင်စိမ်းလိုမျိုးပဲ။ မကြည့်ပြန်တော့လည်းမရ ကြည့်ပြန်တော့လည်း အသက်အန္တရာယ် စိုးရိမ်ရတာပေါ့” ဟု ကရင်နီတောင်သူတစ်ဦးက ဆိုသည်။
ကရင်နီပြည်တွင် စပါးတစ်အိတ်ကို တစ်သိန်းနီးပါး ပေါက်ဈေးရှိနေပြီး စစ်ရှောင်စခန်းများသို့ အလှူရှင် လာရောက်မှု နည်းပါးလာသည့်အတွက် စစ်ဘေးရှာင်အများစုမှာ စားဝတ်နေရေး ပိုမိုခက်ခဲလာကြကြောင်း ပြောဆိုကြသည်။
“ခုဆိုလည်း စပါးတစ်အိတ် တစ်သိန်းနီးပါး ရှိတယ်။ နောက်အလှူရှင်ကလည်း ဝေးဝေးတခါ၊ ဘာမရှိဘဲ ကလေးများတဲ့ ကျနော်တို့လိုက ပိုဆိုးတာပေါ့။ စားဖို့သောက်ဖို့က ပိုခက်ခဲတာပေါ့။ မျှော်လင့်ချက် မဲ့သွားတာပေါ့” ဟု လွိုင်ကော်စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
လွိုင်ကော်မြို့နေရာအများစုကို တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားစဉ်က လွိုင်ကော် – ဒီးမော့ဆိုမြို့အဝင် ဧရိယာများနှင့် ဒေါဥခူအနောက်ခြမ်းက နေရာတချို့၌ စိုက်ပျိုးထားသည့် စပါးဧကပေါင်း တစ်ရာကျော်ရှိသည်ဟု ဒေသခံတောင်သူများက ပြောဆိုသည်။
ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။