စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSA)၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့(NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ယင်းသို့တွေ့ဆုံမှုကို နေပြည်တော်ရှိ Horizon Lake View ဟိုတယ်တွင် ဇူလိုင် ၂၀ ရက်နေ့က တွေ့ဆုံခဲ့ကြခြင်း ဖြစ်ပြီး ဇူလိုင် ၂၁ ရက်နေ့တွင်လည်း ဆက်လက်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားသည်ဟု သိရှိရသည်။
ဇူလိုင် ၂၀ ရက်နေ့ တွေ့ဆုံခဲ့မှုများ၌ သဘောတူညီချက်များကို အကောင်ထည် ဖော်နိုင်ရေးများ၊ ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေးကိစ္စနှင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်မှုများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) မှ ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့(NDAA) မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) မှ ဒုတိယဥက္ကဋ္ဌ (၃) စဝ်ဆေပိုင်ဖတို့မှ ဦးဆောင်ကိုယ်စားလှယ်များအဖြစ် တက်ရောက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီဘက်မှ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက် ခဲ့သည်ဟု သိရသည်။
ဇူလိုင်လ ၂၁ ရက်နေ့ တွေ့ဆုံမှုရလဒ် သဘောတူညီချက်များကိုလည်း ဆွေးနွေးမှုအပြီး လက်မှတ်ရေးထိုးကြမည် ဖြစ်ကြောင်း သိရသည်။
နိရဉ္စရာ ပေးပို့သည်။