စစ်ကောင်စီ၏ ပြည်သူ့လုံခြုံရေးအဖွဲ့ကို ဆန့်ကျင်ရန် MSFC – DoD ၊ MSRF နှင့် MSDF တို့ ပူးတွဲထုတ်ပြန်ကြေညာ

By MPM 2 စက်တင်ဘာ, 2024 👁

စစ်ကောင်စီ၏ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွင် ပြည်သူ့များ လုံးဝ မပါဝင်မပတ်သတ်ရန်နှင့် ဆန့်ကျင်သွားရန် မွန်ပြည်ဖက်ဒရယ်ကောင်စီကာကွယ်ရေးဌာန (MSFC- DoD)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) မွန်ပြည်ကာကွယ်ရေးတပ် (MSDF) တို့က ပူးတွဲသတိပေးစာတရပ် ထုတ်ပြန်ခဲ့သည်။

MSFC – DoD ၊ MSRF နှင့် MSDF တို့ စက်တင်ဘာ ၂ ရက်နေ့တွင် ထုတ်ပြန်သည့် အဆိုပါ ပူးတွဲကြေညာချက်တွင် စစ်ကောင်စီ၏ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွင် အမျိုးမျိုးပါဝင် လုပ်ဆောင်ကူညီနေသူများကို သိရှိပါက သတင်းပေးပို့သွားရန်နှင့် ၎င်းတို့အား ပြည်သူ့သစ္စာဖေါက်ဟုသတ်မှတ်ကာ ပြတ်ပြတ်သားသား အရေးယူသွားမည်ဟုလည်း သတိပေးပြောဆိုထားသည်။

စစ်ကောင်စီက နေပြည်တော်အပါအဝင် ပြည်နယ်နှင့်တိုင်း၊ ခရိုင်၊ မြိုနယ် အဆင့်ဆင့်သာမက ရပ်ကွက်၊ ကျေးရွာများတွင် စစ်သင်တန်းပေးခြင်းနှင့် လက်နက်တပ်ဆင်ပေးခြင်းတို့ကို အသက် ၃၅ နှင့် ၆၅ နှစ်အကြား အရပ်သား အမျိုးသားများကို ပစ်မှတ်ထားကာ ရပ်/ကျေးများတွင် စတင်လူစုလျှက် ရှိသည်။

ပုံစာ – MSFC – DoD ၊ MSRF နှင့် MSDF ပူးတွဲကြေညာချက်။

စိတ်ဓါတ်အင်အားနှင့် တိုက်ခိုက်ရေးစွမ်းရည် အဖက်အဖက်မှ ကျဆင်းနေသည့် စစ်ကောင်စီအဖွဲ့တို့သည် အသက် ၃၅ နှစ်နှင့် ၆၅ နှစ်ကြားရှိ အရပ်သားပြည်သူတို့ကို ရပ်ကွက်၊ ကျေးရွာလုံခြုံရေးဆိုင်ရာ တာဝန်များကို ထမ်းဆောင်ရန် ရည်ရွယ်ထားသော်လည်း စစ်ကောင်စီက ရှေ့တန်းသို့ မကြာမီ ပို့ဆောင်နိုင်မည့်အခြေအနေတို့ကြောင့် စစ်ကောင်စီအဖွဲ့တို့အား လုံးဝ မကူညီရန် MSFC-DoD မှ နိုင်ဒင်းပလဟံသာက ပြောဆိုသည်။

“သူတို့တွေ တသက်လုံးလုပ်လာတာ ပြည်သူအတွက်ဆိုတာမရှိဘူး။ သူတို့အတွက် ကာကွယ်ဖို့ပဲ အဖွဲ့ဖွဲနေတာ။ ပြီးတော့ အသက် ၃၅ နှစ် အထက်တွေက အိမ်ထောင်ဦးစီးတွေ ဖြစ်တယ်။ မိသားစုလည်း ရှိတယ်။ သူတို့က ပြောတာပေါ့ ကင်းစောင့်ရမယ်၊ စာနယ်ရိက္ခာတွေ ပို့ရမယ်။ သူတို့ပြောတာ တပုံစံ၊ ပေးလုပ်တာက တပုံစံ။ အခုတော့ ကင်းစောင့်ပေါ့၊ ကြာရင် သူတို့စစ်တပ်တွေ အင်အားမရှိရင် ကိုယ့်ကိုရှေ့တန်းကို ပို့မှာပေါ့။ အဲ့ကြောင့် သူတို့ခေါ်ရင် သူတို့ဘက်ကို သွားမပတ်သက်ဖို့ ပြီးတော့ သူတို့အတင်းအကြပ်ခေါ်ရင်လည်း တော်လှန်းရေးအဖွဲ့နဲ့ အဆက်သွယ်ယူပြီး အကူညီတောင်းလို့ရတယ်” ဟု နိုင်ဒင်းပလဟံသာက ပြောသည်။

လက်ရှိတွင် ရေးမြို့နယ် တောင်ဘုံကျေးရွာနှင့် သောင်ပြင်ကျေးရွာအပြင် အခြားမြို့နယ်ဒေသအသီးသီးတွင် စစ်ကောင်စီ၏ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့အတွက် လူစုဆောင်းမှုကို စတင်လုပ်နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

ထိုအခြေအနေများနှင့် ပတ်သက်ပြီး နိုင်ဒင်းပလဟံသာက “စစ်တပ်အဖွဲ့တွေကို အသက်ဆက်ပေးသလို မလုပ်ဖို့နဲ့၊ သူတို့ (စကစ) အဖွဲ့ကို စိတ်ရောကိုယ်ပါ ဝိုင်းဝန်းနေတဲ့သူတွေကို အရင်ဦးဆုံးအနေနဲ့ ကျနော်တို့အသိပေးမယ်၊ အဲ့ထက်လွန်သွားရင် ကျနော်တို့က ဖမ်းဆီးအရေးယူထားမယ်။ အကယ်လို့ လက်လှမ်းမှီတဲ့ နေရာမဟုတ်ဘူးဆိုရင် အခြားမဟာမိတ်အဖွဲ့တွေကို အကူညီတောင်းပြီး အရေးယူနိုင်ဖို့ လုပ်ဆောင်သွားမယ်” ဟု ပြောသည်။

စစ်ကောင်စီက စစ်မှုထမ်းသင်တန်းဆင်းသူများကို ရှေ့တန်းပို့ဆောင်နေတာကြောင့် အသက်သေဆုံးမှုတို့ရှိနေပြီး ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ပါ ထပ်မံဖွဲ့၍ အိမ်ထောင်ဦးစီးအရွယ်ရှိသည့် အမျိုးသားများကိုပါ ပြည်သူ့စစ်လုပ်ရန် ဆွဲသွင်းလာခြင်းကြောင့် ဒေသခံများအကြား စိုးရိမ်လျှက်ရှိနေသည်။

IMNA ပေးပို့သည်။