စစ်ကောင်စီ၏ ကျပ် ၂ သောင်းထောက်ပံ့ကြေး မရရှိကြသည့် နေရပ်စွန့်ခွာ တိမ်းရှောင်သူများစွာရှိနေဟုဆို

By MPM 22 ဖေ‌ဖော်ဝါရီ, 2025 👁 4

စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်းရှိ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူများကို တစ်လလျှင် ကျပ် ၂ သောင်းစီ ထောက်ပံ့မည့်အစီအစဉ်အရ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကစ၍ ထောက်ပံပေးသည်ဟုဆိုသော်လည်း လက်ရှိချိန်ထိ ထောက်ပံ့ကြေးငွေမရရှိကြသူ များစွာရှိနေကြောင်း စစ်ဘေးတိမ်းရှောင်သူများထံက သိရသည်။

စစ်ကောင်စီထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်းရှိ၊ မြို့နယ်တချို့အတွင်း ထွက်ပြေးတိမ်းရှောင်လာကြသူ စစ်ဘေးရှောင်များကို စာရင်းကောက်ယူပြီး စစ်ကောင်စီ၏ ထောက်ပံ့ကြေးငွေ ၂ သောင်း ပေးအပ်နေခြင်း ဖြစ်သည်ဟု စစ်ကောင်စီလက်အောက် အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတို့က ပြောသည်။

စစ်ဘေးရှောင်တစ်ဦးက “အခုက အုပ်ကြီးကိုမေးကြည့်လည်း သူတို့ကို ဘာမှညွှန်ကြားလာတာမရှိဘူး။ ဟိုဘက် (ပြည်မ) ဘက်တွေတော့ ပေးနေတာလို့ ကြားရတာပဲ။ ဒီမှာက အခုထိမရကြသေးဘူး။ သူတို့ပေးမယ့် အစီအစဉ်ထဲ မပါဘူးလားမသိဘူး” ဟု ပြောဆိုသည်။

စစ်ကောင်စီ၏ထောက်ပံငွေကို ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ကန့်ဘလူမြို့က စစ်ဘေးရှောင် ၁၄၉ ဦး၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် မုံရွာမြို့က စစ်ဘေးရှောင် ၃၆၀ ဦးနှင့် ကသာမြို့က စစ်ဘေးရှောင် ၃၅၃ ဦးကို တစ်ဦးလျှင် ကျပ် ၂ သောင်းစီ ပေးအပ်ခဲ့ကြောင်း စစ်ကောင်စီလက်အောက် အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတို့က ပြောသည်။

စစ်ကောင်စီထိန်းချုပ်ထားသည့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ စစ်ဘေးရှောင်ဦးရေ စာရင်းကိုသာ စိစစ်ကောက်ခဲ့ပြီး အခြားစစ်ဘေးရှောင်များစာရင်းကို ကောက်ယူနိုင်ခြင်း မရှိကြောင်း သိရသည်။

ကုလသမဂ္ဂစာရင်းများအရ စစ်ကိုင်းတိုင်းဒေသကြီးသည် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူ အများဆုံးသော တိုင်းတစ်ခုဖြစ်သလို လက်ရှိတွင် စစ်ဘေးတိမ်းရှောင်သူဦးရေ ၁.၂ သန်းကျော်ရှိသည်ဟု ဆိုထားသည်။

စစ်ကိုင်းတိုင်းအတွင်း မြို့နယ် ၃၇ မြို့နယ်အနက် ထက်ဝက်ကျော်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် NUG ကာကွယ်ရေးတပ်ဖွဲ့များ ၊ တခြားဒေသကာကွယ်ရေးတပ်ဖွဲ့များက အသီးသီးထိန်းချုပ်ထားသည်။

နိုင်ငံတစ်ဝန်းရှိ တိုက်ပွဲများ၊ သဘာဝဘေးအန္တရာယ်များကြောင့် နေရပ်စွန့်ခွာရှောင်တိမ်းနေရသူများကို လိုအပ်သည့် ထောက်ပံ့ပေးမှုများ ဆောင်ရွက်ပေးသွားမည်ဟု စစ်ကောင်စီက ဇန်နဝါရီ ၁၇ ရက်နေ့က ကြေညာခဲ့ခြင်းဖြစ်သည်။

ရှမ်းနီအသံ ပေးပို့သည်။