စစ်ကောင်စီဥက္ကဋ္ဌ၏ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး ထုတ်ဖော်ပြောကြားချက် AA ပယ်ချ

By MPM 8 ဒီဇင်ဘာ, 2023 👁

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးရေး ထုတ်ဖော်ပြောကြားချက် ကို ရက္ခိုင့်တပ်တော် (AA) က ပယ်ချလိုက်ပြီး အဓိပ္ပာယ်မရှိသည့် လုပ်ရပ်သာဖြစ်ကြောင်း AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုသည်။

“မြန်မာနိုင်ငံမှာ ၁၉၆၂ အာဏာသိမ်းပြီးကတည်းက အစိုးရအဆက်ဆက်နဲ့ ဆွေးနွေးလာတာတောင်မှ ဘာမှ မဖြစ်ခဲ့တဲ့ကိစ္စ၊ အခု အကြမ်းဖက် စစ်ကောင်စီနဲ့ ဆွေးနွေးလို့ရော နောက်ထပ် ဘာအာမခံချက်များ ရှိလာမှာ မလို့လဲ၊ ဒါကြောင့်မလို့ အခုစစ်ကောင်စီရဲ့ ခေါင်းဆောင်ကပြောတဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနှေးရေး ဆိုတာကတော့ ဘာအဓိပ္ပာယ်မှ မရှိဘူးလို့ဘဲ ကျနော်ကသုံးသပ်တယ်ဗျ” ဟု ဦးခိုင်သုခက ပြောသည်။

ဒီဇင်ဘာ ၄ ရက်နေ့တွင်ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့စည်းအဝေး အမှတ်စဉ် (၇/၂၀၂၃)၌ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတဝန်းမှာဖြစ်ပွားနေသည့် လက်နက်ကိုင်တိုက်ပွဲများနှင့် ပတ်သက်၍ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရန်လိုကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ မိုက်တွင်း ဆက်နက်နေမည်ဆိုပါက ထိုဒဏ်ကို ဒေသရှိပြည်သူများကသာ ခံစားရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ယင်းသို့ပြောကြားချက်အပေါ် ရက္ခိုင့်တပ်တော် ပြောခွင့်ရသူ ဦးခိုင်သုခက ပြန်တုံ့ပြန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒို့တာဝန်အရေးသုံးပါးဖြစ်သည့် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို အမျိုးသားရေး ခံယူချက်ဖြင့် ဆောင်ရွက်နေပြီး လုံးဝအထိခိုက်ခံမည် မဟုတ်ကြောင်း ထိုအစည်းအဝေးတွင် ပြောကြားခဲ့သည်။

စစ်ကောင်စီဥက္ကဋ္ဌ၏ ယခုကဲ့သို့ပြောဆိုမှုအပေါ်  ဦးခိုင်သုခက “ဒီအကြမ်းဖက် စစ်ကောင်စီတပ်ဟာ ပြည်သူဆိုတဲ့စကားကို ထည့်မသုံးသင့်တော့ဘူးဗျ။ ဘာလို့လဲဆိုရင် သူတို့ဟာ ပြည်သူကို ကာကွယ်တဲ့ အဖွဲ့အစည်း မဟုတ်ဘူး။ ပြည်သူကို သမိုင်းတလျှောက်လုံးမှာ ဒုက္ခပေးလာတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ပြည်သူတွေကို မတရားဖမ်းဆီးနှိပ်စက်၊ သတ်ဖြတ်၊ အနိုင်ကျင့်၊ ရွာတွေကို မီးရှို့၊ မြို့တွေကို မီးရှို့၊ ပြည်သူပိုင်တဲ့ ပစ္စည်းဥစ္စာတွေကို မတရားလုယက်၊ အဲ့ဒါမျိုးတွေ သူတို့ တောက်လျှောက်လုပ်လာခဲ့တာ ဖြစ်တယ်” ဟု ပြောသည်။

စစ်ကောင်စီသည် နိုင်ငံရေးအဖွဲ့အစည်းမဟုတ်ဘဲ အကြမ်းဖက်စစ်တပ်သာဖြစ်၍ နိုင်ငံရေးအရ ဆွေးနွေးမှုသည် လက်တွေ့မှာ ဖြစ်လာနိုင်မည် မဟုတ်သလို မည်သူမှလည်း လက်ခံမည်မဟုတ်ဟု ဦးခိုင်သုခက ဆက်ပြောဆိုသည်။

“ဒီနေရာမှာ ကျနော်တို့မေးချင်တာက နိုင်ငံရေးအရ ဆွေးနွေးမယ်ဆိုလို့ရှိရင် သူတို့ရဲ့ Rule Method က ဘာလဲ။ ဘယ်အပေါ်မှာ အခြေခံပြီးတော့ ဆွေးနွေးမှာလဲ။ ၂၀၀၈ နဲ့ NCA ကတော့ လက်ရှိမှာ ဘယ်သူမှ လက်မခံကြဘူး။ အလုပ်လည်း မဖြစ်တော့ဘူးဗျ” ဟု ဆက်ပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာနှင့် စစ်ရေးရှုံးနိမ့်နေသည့်အတွက် စစ်ကောင်စီအနေနှင့် နိုင်ငံရေးအရ ဆွေးနွေးရေး ပြောဆိုလာခြင်းသာဖြစ်ပြီး မထူးခြား၊ မပြောင်းလဲသည့် အတုအယောင်ဆွေးနွေးပွဲသာ ဖြစ်မည်ဟုလည်း ရခိုင်ပြည်နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက သုံးသပ်ပြောဆိုသည်။

နိရဉ္စရာ ပေးပို့သည်။