စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေး တပ်စခန်းတခုကို KIA တိုက်ခိုက်သိမ်းပိုက်

0
329

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် နန်းမွန်း (Na-Mawn) နဲ့ ဘီလူးကျေးရွာ ၂ ရွာကြားရှိ စစ်ကောင်စီရဲ့ လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရသည်။

နန်းမွန်းသွားရာလမ်းဟောင်း ဘီလူးရေအားလျှပ်စစ်စက်ရုံအနီး၌ စစ်အင်အား ၃၀ ဝန်းကျင် အခြေစိုက်ထားတဲ့ အဲဒီစစ်ကောင်စီတပ်စခန်းကို ဒီဇင်ဘာလ ၅ ရက် မနက်အစောပိုင်း ၃ နာရီလောက်မှာ တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တယ်လို့ KIA တပ်ရင်း ၃၅ နဲ့ နီးစပ်သူ မိုးညှင်းဒေသခံတစ်ယောက်က ပြောသည်။

“စစ်ကောင်စီရဲ့လေကြောင်းရန်ကာကွယ်ရေးတပ်က ဘီးလူးမှာရှိတာ ဟုတ်တယ်။ အဲ့ဒီတပ်ကို အဓိက လုံခြုံရေးယူပေးတဲ့ တပ်စခန်းကို KIA က ဝင်တိုက်ပြီး သိမ်းလိုက်တာဖြစ်တယ်။ အဲဒီတပ်စခန်းကို ဝင်ဖို့မနေ့ကနေ ထိုးစစ်ဆင်ကြတာ ဟုတ်တယ်။ ဒီကမနက်ပိုင်းမှ အပြီးသိမ်းနိုင်တယ်လို့ သိရတာဖြစ်တယ်” လို့ ၎င်းက ပြောသည်။

KIA က ဘီလူးရွာမှာရှိသည့် စစ်ကောင်စီရဲ့ လေကြောင်းကာကွယ်ရေး လုံခြုံရေးတပ်စခန်းကို သွားရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့တာနဲ့ ပတ်သက်ပြီး မိုးညှင်းဒေသခံက အခုလို ဆက်ပြောပြသည်။

“အဓိကတော့ KIA နဲ့ PDF အဖွဲ့တွေကို ပိုပြီးတင်းကြပ်လာတာတွေ ရှိလာတဲ့အတွက် သွားတိုက်တယ်လို့ မြင်ပါတယ်။ သူတို့အတွက် ဒရုန်းတပ်၊ လေကြောင်းကာကွယ်တပ်ဆိုတာက အရမ်းအရေးကြီးတဲ့ နေရာ တစ်ခုလည်း ဖြစ်တယ်။ ပြီးရင် အဲဒီ လုံခြုံရေးယူပေးနေတဲ့သူတွေကို တိုက်ခိုက်လိုက်နိုင်တာကလည်း သူတို့အတွက် စစ်ရေးအရ ချက်ကောင်းတစ်ခုလို့ မြင်ပါတယ်” လို့ ၎င်းက ပြောဆိုသည်။

ထိုစခန်းအားတိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုနဲ့ လက်နက်ခဲယမ်း သိမ်းဆည်း ရရှိခဲ့တယ်လို့ သိရပေမယ့် အသေးစိတ်စုံစမ်းနေဆဲ ဖြစ်သည်။

အဆိုပါစစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၈ လက်အောက်ရှိ တပ်ရင်း ၃၅ တပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး လက်ရှိ သိမ်းပိုက်နိုင်ခဲ့တဲ့ စစ်ကောင်စီတပ်စခန်းသည် လုံခြုံရေးရယူထားတဲ့ တပ်စခန်းတစ်ခုဖြစ်တာကြောင့် စစ်ကောင်စီရဲ့ ကြီးမားတဲ့ တပ်စခန်းအကြီးတစ်ခုဖြစ်ကြောင်း သိရသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here