23 ဧပြီ 2025 /

See today's Peace Related News

[rev_slider alias=" slider=7"]
သတင်းစစ်ကောင်စီဗျူဟာကုန်းကနေ ပစ်ခတ်မှုကြောင့် မြိတ်ဒေသခံအရပ်သား ၁ ဦးသေဆုံး

စစ်ကောင်စီဗျူဟာကုန်းကနေ ပစ်ခတ်မှုကြောင့် မြိတ်ဒေသခံအရပ်သား ၁ ဦးသေဆုံး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ကောင်စီဗျူဟာကုန်းစခန်းကနေ ပစ်ခတ်မှုကြောင့် ဆိုင်ကယ်စီးနင်းသွားလာသည့် မြိတ်မြို့တွင်နေထိုင်သူ အရပ်သားအမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသခံရွာသားများက ပြောသည်။

တနင်္သာရီမြို့နယ်အတွင်း ရေဖြူကျေးရွာ ဗျူဟာကုန်းစခန်းကနေ ပစ်ခတ်ခဲ့မှုကြောင့် သေဆုံးသွားသူမှာ မြိတ်မြို့၊ ခယူတောရပ်ကွက်နေ အသက် ၄၄ နှစ်အရွယ် ဦးရမဇာန်ခန်းဆိုသူဖြစ်ပြီး ဆိတ်အရောင်းအဝယ် လုပ်ကိုင်နေသူလည်း ဖြစ်သည်။

ရွာသားတစ်ဦးက “သားအဖနှစ်ယောက် ဆိုင်ကယ်နဲ့မောင်းလာတဲ့အချိန်မှာ ကင်းပုန်းက လှမ်းပစ်လိုက်တာပါ၊ ရှေ့ကမောင်းတဲ့ သားဖြစ်သူက ကံကောင်းပြီး မထိဘူး။ နောက်ကထိုင်လိုက်တဲ့ အဖေကိုပဲ ထိသွားတာ” ဟု ပြောသည်။

တနင်္သာရီမြို့နယ်အတွင်းက ဝယ်ယူထားသည့်ဆိတ်များကို ယူဆောင်ရန်အတွက် မတ်လ ၁၁ ရက် နံနက်ပိုင်းက ဆိုင်ကယ်ဖြင့် သွားရောက်စဉ်တွင် ရေဖြူကျေးရွာ ဗျူဟာကုန်းအနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ကနေ ပစ်ခတ်လိုက်ခြင်းဖြစ်သည်ဟု ရွာသားများက ပြောဆိုသည်။

ပစ်ခတ်ခံရမှုကြောင့် ဦးရမဇာန်ခန်း၏ ညာလက်ပြင်နှင့် ဝမ်းဗိုက်တို့တွင် ကျည်တစ်ချက်စီထိမှန်ခဲ့ကာ ချောင်းလမုကျေးရွာတွင် ဆေးဝါးကုသခဲ့ရပြီး မတ်လ ၁၂ ရက်နေ့တွင် တနင်္သာရီမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ရသည်ဟု ရွာသားများက ပြောသည်။

ထိုနေ့မှာပင် တနင်္သာရီမြို့ပြည်သူ့ဆေးရုံမှ မြိတ်ပြည်သူ့ဆေးရုံကြီးသို့ ထပ်မံ၍ပို့ဆောင်ခဲ့ပြီး အရေးပေါ်ခွဲစိတ်မှုများ ပြုလုပ်ခဲ့သော်လည်း မတ်လ ၁၄ ရက်နေ့ ညပိုင်းတွင် သေဆုံးသွားသည်ဟု မိသားစုဝင်တစ်ဦးက ပြောဆိုသည်။

ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသူ ဦးရမဇာန်ခန်း၏ အလောင်းကို မတ်လ ၁၅ ရက်နေ့၊ နံနက်ပိုင်းမှာပင် အစ္စလာမ်ဓလေ့ထုံးစံအတိုင်း သင်္ဂြိုလ်မှုပြုလုပ်ခဲ့ကြောင်း မိသားစုဝင်တို့နှင့်နီးစပ်သူများက ပြောသည်။

ရေဖြူကျေးရွာသည် တနင်္သာရီ – ဘုတ်ပြင်းသွား ကားလမ်းမကြီးပေါ်တွင်တည်ရှိပြီး ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်၏ အမှတ် – ၃ စစ်ဗျူဟာ အခြေချထားရှိသည်ဟု ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။

NMG ပေးပို့သည်။