အမေရိကန်အစိုးရသည် မြန်မာစစ်ကောင်စီတပ်နှင့် ဆက်နွှယ်ပတ်သက်နေသည့် ကုမ္ပဏီနှင့် လူပုဂ္ဂိုလ်အချို့ကို ပစ်မှတ်ထား၍ မြန်မာနိုင်ငံအား နောက်ထပ် ပိတ်ဆို့အရေးယူမှုအသစ် ထပ်မံပြုလုပ်လိုက်ကြောင်း သောကြာနေ့က ထုတ်ပြန်ကြေညာလိုက်သည်။
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးချိန်မှစ၍ အမေရိကန်သည် မြန်မာနိုင်ငံအား ဖိအားပေးပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့သည်။
အမေရိကန်ဘဏ္ဍာရေးဌာန၏ ထုတ်ပြန်ကြေညာချက်တွင် မြန်မာစစ်ကောင်စီတပ်နှင့် ဆက်နွှယ်ပတ်သက်နေသည့် လူပုဂ္ဂိုလ်နှစ်ဦးနှင့် ကုမ္ပဏီအဖွဲ့အစည်း (၆) ခုအား ပိတ်ဆို့အရေးယူလိုက်ကြောင်း ဖော်ပြထားသည်။
အဆိုပါ ကုမ္ပဏီများသည် မြန်မာပြည်သူများအား ဗုံးကြဲတိုက်ခိုက်နေသည့် မြန်မာစစ်ကောင်စီတပ်၏ ဂျက်တိုက်လေယာဉ်များအတွက် လောင်စာဆီ တင်သွင်းခြင်း၊ သိုလှောင်ခြင်းနှင့် ဖြန့်ဖြူးခြင်းတို့ လုပ်ဆောင်နေသည့် ကုမ္ပဏီများဖြစ်သည်ဟု သိရသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်ကောင်စီတပ်က အာဏာသိမ်းပြီးချိန်မှစ၍ နိုင်ငံသည် ပြဿနာပေါင်းစုံနှင့် ဖရိုဖရဲအကျပ်အတည်းတွင်းထဲသို့ ကျရောက်သွားပြီး အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူတို့အား ရက်စက်စွာ နှိမ်နင်းရာမှ နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ရေးအုပ်စုများ ပေါ်ပေါက်လာခဲ့သည်။
အမေရိကန်ဘဏ္ဌာရေးဌာန၏ ထုတ်ပြန်ချက်တွင် မြန်မာစစ်ကောင်စီတပ်သည် အာဏာသိမ်းပြီးချိန်မှစ၍ မိမိအား ဆန့်ကျင်တော်လှန်နေသည့် ပြည်သူများကို ရက်စက်စွာ အကြမ်းဖက် နှိမ်နင်းနေခဲ့ကြောင်း၊ နောက်ပိုင်းတွင် အရပ်သားများ နေထိုင်ရာ ကျေးရွာများကို ဂျက်တိုက်လေယာဉ်များဖြင့် အဓိက ဗုံးကြဲ တိုက်ခိုက်မှု ပြုလာကြောင်း၊ မြန်မာပြည်အလယ်ပိုင်းဒေသ လက်ယက်ကုန်း ကျေးရွာ စာသင်ကျောင်းဗုံးကြဲတိုက်ခိုက်မှုနှင့် လူပေါင်း ၈၀ ကျော် သေဆုံးခဲ့ရသည့် ကချင်ပြည်နယ်အတွင်း ဗုံးကြဲခဲ့မှုကို နမူနာပြု၍ ဖော်ပြထားသည်။
“မြန်မာစစ်တပ်ဟာ သူ့ပြည်သူတွေကို ဒုက္ခဆင်းရဲနဲ့ နာကျင်မှုတွေ ခံစားရအောင် ဆက်ပြီး ကျူးလွန်မှုတွေ လုပ်နေပါတယ်” အမေရိကန် ဘဏ္ဌာရေးဌာနမှ ဘရိုင်ယန် နယ်လ်ဆင်က ပြောကြားခဲ့သည်။
“အမေရိကန်ပြည်ထောင်စုဟာ မြန်မာပြည်သူတွေအပေါ် ပေးထားတဲ့ ကတိကဝတ်တွေ ခိုင်ခိုင်မြဲမြဲ ဆက်ရှိနေပြီး ပြည်သူတွေကို နှိပ်စက်ညှင်းပန်းမယ့် စစ်တပ်ကို အထောက်အကူပေးမယ့် အရာမှန်သမျှကို ဆက်ပြီး ပိတ်ဆို့အရေးယူသွားမှာပါ” ဟု သူက ဆက်ပြောသည်။
အမေရိကန်ဘဏ္ဍာရေးဌာနက ပိတ်ဆို့အရေးယူလိုက်သည့် မြန်မာစစ်ကောင်စီလေတပ်ကို လောင်စာဆီထောက်ပံ့ပေးနေသည့် ကုမ္ပဏီများမှာ Asia Sun Group, Asia Sun Trading နှင့် Cargo Link Petroleum Logistics တို့ဖြစ်သည်ဟု သိရသည်။
အလားတူ မြန်မာစစ်ကောင်စီတပ်ကို စစ်လက်နက်ပစ္စည်းများ ဝယ်ယူထောက်ပံ့ပေးနေပြီး မြန်မာစစ်ခေါင်းဆောင်နှင့် ဆက်စပ်နေသော လူပုဂ္ဂိုလ်အချို့နှင့် Star Sapphire Group of Companies နှင့် Star Sapphire Trading Company Limited တို့ကို ပိတ်ဆို့အရေးယူသည့် စာရင်းတွင် ဖော်ပြထားသည်။
ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။