ကရင်နီပြည်နယ်ထဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၇ လအတွင်း အကြိမ် ၇၀၀ ခန့် လုပ်ဆောင်ခဲ့သည်ဟု ကရင်နီပြည်တပ်မတော် – KA က ပြောသည်။
ပြီးခဲ့သည့် ၇ လအတွင်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အခြေအနေများနှင့်ပတ်သက်ပြီး ကရင်နီတပ်မတော် – KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က “များသောအားဖြင့် ကျနော်တို့ ကြဲခံရတာက လွိုင်ကော်၊ ရှာတော၊ မယ်စဲ့ပြီးတော့မှ ဖားဆောင်း အကြိမ်ပေါင်းကတော့ ၆၀၀၊ ၇၀၀ လောက်ရှိတယ်“ ဟု ပြောသည်။
အဆိုပါ တိုက်ခိုက်မှုများသည် ၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လကုန်အထိဖြစ်သည်ဟု ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။
စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပိုမိုပြုလုပ်လာရသည့်အကြောင်းနှင့်ပတ်သက်၍လည်း KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ယခုလို ပြောသည်။
“သူတို့ စစ်တိုက်တာက တိုက်ပွဲဖြစ်တဲ့အချိန်မှာ သူတို့က သူ့လူက အနာများပြီ တိုက်ပွဲမှာ အကျအဆုံးများရင် သူ့လေယာဉ်ခေါ်ပြီး လာကြဲပြီ အဲ့လိုပဲ လုပ်ပါတယ်။ တပ်မအလိုက် ပြုတ်တာရှိတော့ သူတို့က စစ်ကူ တောင်း တာပေါ့လေ။ ပြည်နယ်အတွင်းမှာရှိတဲ့ လူထု အိုးအိမ်တွေ ပျက်စီးအောင် လုပ်တာပေါ့။ လေယာဉ်ပစ်ကူအနေနဲ့ သူတို့ လာကြဲတာရှိတယ်။ အဲ့မျိုးလုပ်တာ ခပ်များများပဲ” ၎င်းက ပြောသည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲအတွင်း အကျအဆုံးများလာသည့် အချိန်တိုင်း စစ်ရေး ပစ်မှတ်၊ အရပ်သား ပစ် မှတ် မခွဲခြားဘဲ လေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်မှုများကို ပို၍လုပ်ဆောင်လာသည်ဟု ဗိုလ်မှူးကြီးဘုန်းနိုင်က ဆိုသည်။
ကရင်နီပြည်တွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ပညာသင်ကြားနေသည့် ကလေးများအတွက် စိုးရိမ်နေရသည်ဟု ကျောင်းတာဝန်ခံ CDM ဆရာမတစ်ဦးက ပြောသည်။
ဒီးမော့ဆို အနောက်ဘက်ခြမ်း စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းမှ CDM ကျောင်းဆရာမတစ်ဦးက “အဓိက စိုးရိမ်စရာက တိုက်ပွဲကြောင့်လာတဲ့ လေယာဉ်တွေ ပေါ့နော်။ သူတို့က တိုက်ပွဲ မဟုတ်တဲ့ နေရာတွေ ခုနောက်ပိုင်းဆို စာသင်ကျောင်းတွေကို ဦးတည်တဲ့ခါကြတော့ ကျမတို့ကတော့ အဲ့လိုမျိုး စိုးရိမ်ရပါတယ်။ ကလေးတွေ ပညာဆက်လက်သင်ယူဖို့ အတွက် စိတ်မပါတော့မှာ ကျမတို့ စိုးရိမ်တယ်။ စာကောင်းကောင်း မသင်ရမှာကို ကျမတို့ စိုးရိမ်တယ်” ဟု ပြောသည်။
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ၏ စာရင်းအရ ဇန်နဝါရီလမှ ဇွန်လအထိ ၆ လအတွင်း စစ်ကောင်စီ၏ လေကြောင်း ဗကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ကလေးငယ် ၉ ဦး၊ အမျိုးသမီး ၂ ဦး၊ အမျိုးသား ၄ ဦးနှင့် အချက်အလက်မရှိသူ ၁ ဦး သေဆုံးခဲ့ပြီး ကလေး ၉ ဦး၊ အမျိုးသမီး ၁၄ ဦးနှင့် အမျိုးသား ၁၂ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
သို့သော် ဇူလိုင်လအတွင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးခဲ့ရသည့် အခြေအနေများ နှင့် ပတ်သက်ပြီး အရေအတွက် အသေးစိတ်ကို မသိရှိရသေးပေ။
ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စာသင်ကျောင်း ၂ ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းသုံး ဗုံးကြဲတိုက် ခိုက်မှုကြောင့် ကျောင်းသား ၄ ဦး သေဆုံးခဲ့ပြီး ဆရာ/ဆရာမများအပါအဝင် ကျောင်းသား အယောက် ၂၀ ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီတပ်သည် ဇူလိုင်လ ၁ ရက်နေ့တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုအား ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် ဗုံးကြဲမူကြောင့် စစ်ရှောင်နေအိမ် ၅ လုံးနှင့် စာသင်ကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးခဲ့သည်ဟု KNDF က ဆိုသည်။
စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနစ် ဇူလိုင်လအထိ ကရင်နီပြည်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှု အကြိမ်ပေါင်း ၁,၆၅၅ ကြိမ်ရှိခဲ့သည်ဟု တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု (PKPF) က ဩဂုတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
NMG ပေးပို့သည်။