စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် စစ်သားစုဆောင်းခံရမှုနှင့် ဖမ်းဆီးငွေတောင်းမှုများ ဆက်တိုက်ဖြစ်ပွားနေ

By MPM 28 ဖေ‌ဖော်ဝါရီ, 2025 👁 6

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်မြို့နယ်နှင့် မော်လူးမြို့တဝိုက်တွင် စစ်သားစုဆောင်းခံရမှုနှင့် ဖမ်းဆီးငွေ တောင်းခံရမှုတွေ ဆက်တိုက်ဖြစ်ပွားနေကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။

အင်းတော်မြို့နယ်အတွင်း စစ်သားစုဆောင်းရေးအပြင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များက နန့်စီးအောင်သို့ စီးပွားရေးအပြင် တခြားသော အကြောင်းအရာများဖြင့်ရောက်လာသော လူငယ်လူရွယ်များကို ဖမ်းဆီးပြီး ငွေတောင်းခံမှုများ ပြုလုပ်နေသည်ဟု ဒေသခံတို့က ပြောသည်။

“ဟို လက်ပံတန်း (ရွာ) မှာလည်း ဖမ်းလိုက်တယ်။ နောက် နန့်စီးအောင်မှာ ဆီသွားသယ်တဲ့ ဝင်းထဲမှာတွေလည်း ဖမ်းသွားတယ်လေ။တချို့ကလည်း ပြန်ရွေးခဲ့ရတယ် ပြောနေတာလေ။ ဆိုင်ကယ်သမားကတော့ နည်းနည်းကြဲသွားပြီ၊ မော်လူးအကျော်နားမှာဆို ဆိုင်ကယ်သမားတွေတင် မဟုတ်ဘူး၊ ကားသမားတွေလည်း ပါသွားတယ်။ ပေါ်တာမဟုတ်ဘူး စစ်သားစုဆောင်းရေးကိုဆွဲတော့တာ” ဟု ဒေသခံတစ်ဦးက စစ်ကိုင်းတိုင်းအခြေအနေကို ပြောဆိုသည်။

လက်ရှိ၌ မော်လူးမြို့အနီးတဝိုက်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထား ပြီး လက်အောက်ခံတပ်တချို့ကလည်း စစ်သားစုဆောင်းမှု ရှိနေသည်ဟု ဆိုသည်။

အလားတူ မော်လူးမြို့အနောက်ဘက်ရှိ နမီးစုကျေးရွာအုပ်စု၊ ညောင်ပင်သာ၊ လေဘို၊ မလူးစသည့် ကျေးရွာများ တွင်လည်း KIA က စစ်သားစုဆောင်းရေးပြုလုပ်သွားမည်ဟု အသိပေးမှုတို့ရှိကြောင်း ဒေသခံရှမ်းနီလူငယ်တစ်ဦး ပြောဆိုမှုအရ သိရသည်။

“လူတွေက စုမယ်ပြောတယ်။ စစ်မှုလာထမ်းရမယ်။ သူတို့ဆီမှာ စာရင်းရှိထားတယ်။ ကချင်ပြည်နယ်ကလိုပဲ သူတို့ ပေါ်တာဆွဲမယ်” ဟု ဒေသခံတစ်ဦးက စာတိုပေးပို့ ပြောဆိုသည်။

အင်းတော်မြို့နယ်၏ နယ်မြေ ၇၀ ရာခိုင်နှုန်းကျော်ကို ဒေသကာကွယ်ရေးတပ် PDF ၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် ကျောင်းသားတပ်မတော် ABSDF တို့က ထိန်းချုပ်ထားပြီး မြို့သိမ်းတိုက်ပွဲကို လနှင့်ချီကြာ ဆက်လက်ဆင်နွဲလျက်ရှိနေသည်။

ရှမ်းနီအသံ ပေးပို့သည်။