စစ်ကိုင်းတိုင်းအတွင်း ယခု ၂၀၂၄ ခုနှစ်တွင် မူးယစ်ဆေးဝါးအမျိုးမျိုးဖမ်းဆီးရမိမှု စံချိန်တင်ရှိခဲ့ကြောင်း လေ့လာပြုစုထားသည့် သတင်းမှတ်တမ်း စာရင်းများအရ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ ရက်နေ့တွင် စစ်ကောင်စီကကြေညာခဲ့သည့် စစ်ကိုင်းတိုင်းမှတဆင့် အိန္ဒိယနိုင်ငံအထိ မူးယစ်ဆေးဝါးရောင်းဝယ်နေသည့် မူးယစ်မှောင်ခိုအဖွဲ့တစ်ခု ဖမ်းဆီးရမိမှုတွင် ၂၀၂၄ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းတွင် ပမာဏအများဆုံး ဖမ်းဆီးရမိမှုလည်း ဖြစ်သည်။
ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးဂိုဏ်းသည် ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့၊ မန္တလေးမြို့နှင့် စစ်ကိုင်းတိုင်း ကလေးမြို့စသည့် မတူညီသည့် မြို့နယ်သုံးခုမှ မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်း လုပ်ကိုင်သည့် လူ ၂၁ ဦး ပါ အဖွဲ့တစ်ခုကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပြီး လတ်တလောတွင် ၁၄ ဦးကို ဖမ်းဆီးရမိထားပြီး ၈ ဦးကို ဖမ်းဆီးမိရန် ကျန်ရှိနေကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။
အလားတူ နိုဝင်ဘာ ၅ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကျီကုန်းကျေးရွာ လမ်းဆုံတွင် ကလေးဝမြို့မှ ကလေးမြို့ဘက်သို့ မောင်းနှင်လာသည့် FUSO ၁၂ ဘီးယာဉ်ကို ရှာဖွေရာမှာ ဘိန်းဖြူ ၅၀.၆ ကီလိုကို ကနဦး ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
မူးယစ်ဆေးဝါး ဖမ်းဆီးရမိရာ၌ ဘိန်းဖြူ ၁၅၀ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော်၊ Ice (မက်သ်အဖက်တမင်း) ၄၁၂ ကီလိုနှင့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၃ တန်ကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်ဟု မြန်မာနိုင်ငံမူးယစ်ဆေးဝါးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုပမာဏသည် စစ်ကိုင်းတိုင်းအတွင်း ပြီးခဲ့သည့် ၆ လအတွင်း ဖမ်းဆီးမီးရှို့ဖျက်ဆီးခဲ့သည့် ပမာဏထက် ၅ ဆကျော်ရှိသည်ကို လေ့လာတွေ့ရှိရသည်။
“စစ်ကိုင်းတိုင်းထဲက မူးယစ်ဆေးဝါး ခါတိုင်းမိတာဆိုရင် စစ်ကိုင်း၊ ဒီကချင်နယ်စပ် နန့်စီးအောင် အများဆုံးပဲ။ အခုက ဒီဘက်တွေက စစ်ဆေးရေးဂိတ်တွေလည်း အများကြီးဖြစ်လာတော့ ဘယ်လိုပြောရမလဲ၊ သိပ်ပြီး မသယ် ကြတော့ဘူး များများစားစား၊ ဟိုဘက် မုံရွာကလေးဘက်သွားတဲ့ ဟာတွေကတော့ မပြောတတ်ဘူး။Ó ဟု စစ်ကိုင်းတိုင်းရှိ တိုင်းရင်းလူငယ်တစ်ဦးက ပြောသည်။
စစ်ကိုင်းအတွင်းရှိ မူးယစ်ဆေးဝါးများကို တိုင်းအတွင်း ဖြန့်ဖြူးရောင်းချသည့်အပြင် အိမ်နီးချင်း အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် မိုရေးလ်မြို့နှင့် မီဇိုရမ်ပြည်နယ်များအထိ တင်ပို့ရောင်းချမှုများရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းအတွင်းတွင် ၂၀၂၄ ခုနှစ် ဇန်ဝါရီလ မှ ဇွန်လအထိ ဘိန်းဖြူ (၆၄.၃၀၁၁၃) ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား အရေအတွက် (၁၄) သိန်းကျော်၊ ကဖင်း (၃၂၀၀) ကီလို၊ အိုက်စ် (၂၄) ကီလို ဖမ်းဆီးရမိခဲ့သည်။
ရှမ်းနီအသံ ပေးပို့သည်။