စစ်ကိုင်းတိုင်းအတွင်း ပါတီရုံးခန်းများဖွင့်ရန် ရှမ်းနီပါတီ-SSP ပြင်ဆင်နေဟုဆို

By MPM 18 အောက်တိုဘာ, 2023 👁

စစ်ကိုင်းတိုင်းအခြေစိုက်ပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ထားသည့် ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွှတ်ရေးပါတီ (SSP) ပါတီ အနေဖြင့် ပါတီမှတ်ပုံတင်ခြင်းစည်းမျဉ်းအရ မြို့နယ် ၅ ခုတွင် ပါတီရုံးခန်းဖွင့်လှစ်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ပါတီတာဝန်ရှိသူများထံမှ သိရသည်။

“ကျွန်တော်တို့ ဒီဘက်မှာကြတော့ လုံခြုံရေးအနေအထား မြေပြင်အနေအထားကတော့ ဖွင့်နိုင်ဖို့ရာက တမူးဆိုရင် တမူးမြို့ပေါ်မှာ သွားမဖွင့်နိုင်ဘူး။ လုံခြုံရေးနည်းနည်း စိတ်ချရတယ်ဆိုတဲ့ မြို့သစ်မှာပဲဖွင့်မှာဗျ ဖောင်းပြင် ဆိုလည်း ဖောင်းပြင်မြို့ပေါ်မှာပဲ ဖွင့်လို့ရမှာ” ဟု ပါတီခေါင်းဆောင်တစ်ဦးက ပြောပါသည်။

SSP ပါတီရုံးခန်း ဖွင့်လှစ်ရန်အတွက် ဟုမ္မလင်း၊ ခန္တီး၊ ဖောင်းပြင်၊ တမူး၊ မုံရွာ စသည့် မြို့နယ်များတွင် ပြင်ဆင်မှုများ ဆောင်ရွက်နေပြီး ဗန်းမောက်မြို့နယ်တွင်မူ စစ်ရေးအခြေအနေကြောင့် ဖွင့်လှစ်နိုင်မည့် အနေအထား အလွန်နည်းနေသေးကြောင်း ၎င်းက ပြောဆိုသည်။

“ကျွန်တော်တို့က မုံရွာနဲ့ဗန်းမောက်ကြ အခက်အခဲရှိနေတယ်။ ဖွင့်မရဘူး ဖြစ်နေတယ်၊ မုံရွာမှာက ပါတီဝင်အင်အား နည်းတာပေါ့ဗျာ။ ဗန်းမောက်က လုံခြုံရေးအရ စစ်မြေပြင်အခြေနေကြောင့် မဖွင့်နိုင်သေးဘူး၊ ဆက်သွယ်ရတာလည်း တော်တော်ခက်တယ်လေ” ဟု အထက်ပါ ပါတီတာဝန်ရှိသူက ဆိုသည်။

SSP ပါတီ ဗဟိုဌာနချုပ်ကို ဟုမ္မလင်းမြို့တွင် ထားရှိသွားမည်ဖြစ်ကြောင်း သိရပြီး ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် သုံးခုကို ထားရှိသွားမည် ဖြစ်ကြောင်းနှင့် ဗဟိုဌာနချုပ်နှင့် ခရိုင်အဆင့်တွင် အဖွဲ့ဝင် ၅ ဦး ၊ မြို့နယ်အဆင့်တွင် အဖွဲ့ဝင် ၁၉ ဦး တို့ဖြင့် ဖွဲ့စည်းထားကြောင်းလည်း သိရသည်။

ယခုလ အောက်တိုဘာလကုန်တွင် ပါတီရုံးခန်းဖွင့်လှစ်ရန် နောက်ဆုံးသတ်မှတ်ရက်အဖြစ် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်မှ ပြောဆိုထားသည်။

SSP ပါတီအနေဖြင့် မေလ ၂ ရက်နေ့တွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲ ကော်မရှင်ထံ နိုင်ငံရေးပါတီများ မှတ်ပုံတင် ပြန်လျှောက်ထားရာမှ ပါတီမှတ်ပုံတင်ရရှိထားခြင်းဖြစ်သည်။

ကချင်ပြည်နယ်တွင်လည်း တိုင်းလိုင် (ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ SNDP က အခြားသော ရှမ်းနီမျိုးသား ကိုယ်စားပြုပါတီအဖြစ် မှတ်ပုံတင်ရရှိထားပြီး ကချင်ပြည်နယ်ထဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

ဆေကောင်ခမ်း(ရှမ်းနီအသံ) ပေးပို့သည်။