စစ်ကိုင်းတိုင်းရှိ မြန်မာ့အကြီးဆုံးဆည်ဖြစ်သည့် သဖန်းဆိပ်ဆည်အနီးဝန်းကျင် ကျေးရွာများတွင် စစ်ကောင်စီတပ်၊ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များနှင့် ဒေသကာကွယ်ရေးတပ်တို့အကြား ၅ ရက်ကြာ ထိတွေ့တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်နေကြောင်း ဒေသခံများက ပြောဆိုသည်။
နိုဝင်ဘာ ၁၉ ရက်နေ့မှ စ၍ နိုဝင်ဘာ ၂၃ ရက်နေ့အထိ သဖန်းဆိပ်ဆည်အနီးရှိ ကျေးရွာများဖြစ်သည့် ကျွန်းလှမြို့နယ်၊ ကုန်းကြီးကျေးရွာအုပ်စု၊ ကန့်ဘလူမြို့နယ် အောင်ချမ်းသာကျေးရွာအုပ်စု၊ ယင်းတိုက်၊ ပေတပင်၊ ပန်းမရဲ၊ အောင်ချမ်းသာ၊ ဇဖြူရစ်စသည့် ကျေးရွာတို့တွင် နှစ်ဖက်တပ်အကြား တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။
စစ်ကောင်စီတပ်နှင့် ဦးဝါသဝ၏ပြည်သူစစ်တပ်ဖွဲ့များသည် နယ်မြေရှင်းလင်းရေးခေါင်းစဉ်ဖြင့် ကျေးရွာအများအပြားဆီကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦးကဆိုသည်။
“ဒီကနေ့ (နိုဝင်ဘာ ၂၀) ရက်နေ့ တမနက်လုံး ပစ်နေကြတယ်။ ထမင်းစားနေတုန်းမှာပဲ လေယာဉ်တစ်စီး ခေါင်းပေါ်ဖြတ်ပျံသွားလို့ ထမင်းပန်ကန်ပြားကိုင်ပြီး တဲအောက်ကို ပြေးပုန်းနေလိုက်ရသေးတယ်။ ဒီမှာလဲ စစ်ရှောင်တွေ ရောက်နေကြတာ လူအများကြီးပဲ။ ဗိုက်ကြီးသည်တွေ ကလေးတွေအစုံပဲ။ လူတွေက ငါတို့ဘက်ဆီ ရှောင်လာကြတယ်၊ တိုက်ပွဲက ငါတို့ရွာဘက်တွေဆီ ပိုပိုနီးလာတယ်၊ ဘယ်ဘက်ကို ဆက်ရှောင်သွားရမလဲ မသိသေးဘူး၊ အခြေနေကြည့်နေတုန်း” ဟု သဖန်းဆိပ်ဆည်ဝန်းကျင်တွင် ရွှေမျောလုပ်ကိုင်နေသည့် ဒေသခံရွှေလုပ်သားတစ်ဦးက ပြောသည်။
နှစ်ဖက်တပ်ကြား တိုက်ပွဲများ ငြိမ်သက်သွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူများဖြင့်ပါ ပါဝင်တိုက်ခိုက်လာလို့ တိုက်ပွဲပိုမိုပြင်းထန်လာနေကြောင်း ဒေသခံများက ပြောဆိုသည်။
လက်ရှိတွင် စစ်ကောင်စီစစ်ကြောင်းများသည် ကောင်းလင်းမြို့နယ်နှင့် ကျွန်းလှမြို့နယ်စပ်၊ သဖန်းဆိပ်ဆည် ဝန်းကျင်တွင် ရောက်ရှိနေပြီး ဆဲလဲရွာ၊ ရွာကုန်းကြီးရွာများဘက်ကို လက်နက်ကြီးနှင့်ပစ်သံများ အဆက်မပြတ် ကြားနေရဆဲဖြစ်သည်ဟု ဒေသခံတို့က ပြောသည်။
ဒေသခံတစ်ဦးက “ခုဖြစ်နေတာက ကျွန်းလှနယ်ထဲမှာ ကျွန်းလှဆိုပေမယ့် ကောလင်းနယ်ပါပဲ သိပ်မထူးခြားပါဘူး။ ချောင်းအရှေ့ခြမ်းဘက်က ကောလင်း၊ ဒီဘက်အနောက်ခြမ်းက ကျွန်းလှဆိုတော့ အတူတူလို့ ပြောလို့ရတယ်။ ရှောင်လာတဲ့သူတွေပြောတာတော့ မီးလောင်တာက ဆဲလဲရွာလို့ ပြောကြတယ်။ ရွာကြီးကုန်းကတော့ တိုက်နေကြဆဲလို့လဲ ပြောတယ်။ ရွာမီးလောင်နေတာတွေက ငါတို့နေတဲ့နေရာကနေ ညကဆိုမီးရောင်တွေလင်းလို့ပဲ မြင်နေရတယ်” ဟု ပြောသည်။
လက်ရှိ၌ စစ်ရေးပြင်းထန်နေသည့် နေရာများသည် ကောလင်းမြို့နယ်၊ ကျွန်းလှမြို့နယ်၊ ကန့်ဘလူမြို့နယ် စသည့် သုံးမြို့နယ်နယ်နိမိတ်ချင်းဆုံသည့် နေရာတွင်ဖြစ်ပွားနေပြီး မြို့နယ်တစ်ခုလုံးကို NUG တိုက်ခိုက် စိုးမိုးထားသည့် ပင်လည်ဘူးမြို့နယ်နှင့်လည်း အလှမ်းမဝေးလှသည့်နေရာများဖြစ်ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်အတွင်းရှိ တကုန်း၊ ကုက္ကိုကုန်း၊ သံပုရာပင်စု၊ မြဘုံသာ၊ လွှတ်တိုက်၊ မဒေါင်၊ ဆွဲလှဲရွာနှင့် ကန့်ဘလူ မြို့နယ်အတွင်းရှိ လက်ခုပ်ပင်ရွာအပါအဝင် ကျေးရွာ ၈ ရွာမှ ပြည်သူ ၈၀၀၀ ကျော်သည် တိုက်ပွဲများကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်။
ရှမ်းနီအသံ ပေးပို့သည်။