ငြိမ်းချမ်းရေး ရက် ၁၀၀ အတွင်း စစ်တပ် ဗုံးကြဲမှုကြောင့် ရခိုင်ပြည်သူ ၁၅၀ ခန့် သေဆုံးဒဏ်ရာရ

By MPM 7 ဩဂုတ်, 2026 👁 64

စစ်အုပ်စု၏ ငြိမ်းချမ်းရေး ရက် ၁၀၀ စီမံကိန်းအတွင်း ရခိုင်ပြည်အနှံ့ကို မနားတမ်း လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သားသေဆုံးဒဏ်ရာရရှိမှု မြင့်တက်ခဲ့ပြီး DMG စာရင်းပြုစုချက်အရ သေဆုံးသူ ၃၉ ဦးနှင့် ၁၀၅ ဦးထိ ဒဏ်ရာရရှိခဲ့သည်။

စစ်အုပ်စုက ငြိမ်းချမ်းရေးစီမံကိန်းစတင်ချိန်မှ စ၍ ရခိုင်ကို ထိုးဖောက်နိုင်ရေး ဧရာဝတီ၊ ပဲခူး၊ မကွေးနှင့် ချင်းတောင်တို့ကနေ အင်အားမပြတ်တမ်းပြည့်တင်းကာ ထိုးစစ်ဆင်ခဲ့သလို AA ထိန်းချုပ်မြို့နယ်များကို လေကြောင်းအပြင်းအထန် တိုက်ခိုက်ခဲ့သည်။

စစ်အုပ်စုက ရခိုင်နှင့်ပတ်သက်၍ အရှိတရားကို လက်မခံဘဲ AA အပေါ် စစ်ရေးဖိအားများပေးပြီး ငြိမ်းချမ်းရေးဖိတ်ခေါ်ကာ နည်းလမ်းမှားများကိုသာ အသုံးပြုခဲ့သည်ဟု စစ်ရေး၊ နိုင်ငံရေး အကဲခတ်သူတို့က ရှုမြင်ကြသည်။

“ငြိမ်းချမ်းရေးလိုပြောတဲ့ နေရာမှာ အောက်စီးက ပြောရတာရှိတယ်။ တန်းတူရွယ်တူ ပြောရတာ ရှိတယ်၊ ကြိုတင်ကန့်သတ်ချက် မပါဘဲ ပြောရတာရှိသလို အပေါ်စီးက ပြောရတာရှိပါတယ်။ ရွေးတု အစိုးရက ငြိမ်းချမ်းရေး လုပ်ချင်တာတွေ ရှိတယ်။ သို့သော်လည်း အာရက္ခတပ်တော်ကို တန်းတူရွယ်တူ မခေါ်ဝံ့ဘူး” ဟု စာရေးဆရာ ဝေဟင်အောင်က ပြောသည်။

ဆက်လက်၍ ၎င်းက “သူတို့က စစ်လည်း ရှုံးနေတယ် အပေါ်ကလည်း နေချင်တဲ့ သဘော သက်ရောက်တယ်။ AA ကို မနိုင်တဲ့အခါ ပြည်သူတွေကို လေကြောင်းက ဗုံးကြဲပြီး စားပွဲလာအောင် ဖိအားပေးတယ်၊ အကြောက်တရား ဖြစ်အောင် လုပ်ဆောင်ပါတယ်။ တနည်းပြောရရင် ယုတ်မာတဲ့ နည်းလမ်းနဲ့ ငြိမ်းချမ်းရေးကို ခေါ်တယ်လို မြင်မိတယ်” ဟု ပြောသည်။

ရက် ၁၀၀ စီမံကိန်းအတွင်း AA ထိန်းချုပ်နယ်မြေများအား လေကြောင်းတိုက်ခိုက်မှုထဲတွင် ဂွနှင့် သံတွဲတို့ အများဆုံးဖြစ်ပြီး အရပ်သား သေဆုံးဒဏ်ရာရရှိမှုလည်း များခဲ့သည်။

ဇူလိုင်တစ်လတည်းမှာပင် သံတွဲမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၇ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၄၀ အထိရှိခဲ့သည်။

ယခုကဲ့သို့ အရပ်သားများအား ဦးတည်ပစ်မှတ်ထား တိုက်ခိုက်နေသည့် အာဏာသိမ်းစစ်တပ်၏ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းအပေါ် ပြည်သူများက အပြင်းအထန်ရှုတ်ချထားကြသည်။

“အာဏာသိမ်းစစ်တပ်က တိုက်ပွဲမရှိတဲ့ ဧရိယာတွေကိုဘဲ နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။ အထူးသဖြင့် အပြစ်မရှိတဲ့ ကလေးတွေနဲ့ အမျိုးသမီးတွေကို ထိခိုက် သေဆုံးတာတွေ ရှိပါတယ်။ စစ်အုပ်စုအနေနဲ့ အပြစ်မရှိတဲ့ ပြည်သူတွေကို လေကြောင်းတိုက်ခိုက် တာကို ရပ်တန့်ပေးစေချင်ပါတယ်” ဟု တက်ကြွလှုပ်ရှားသူ ရခိုင်လူငယ် အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်အစိုးရ၏ ရက်ပေါင်း ၁၀၀ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စီမံကိန်းသည် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိ ရက်ပေါင်း ၁၀၀ အတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ (EAOs) အားလုံး နေပြည်တော်၌ လာရောက်ဆွေးနွေးရန် ကမ်းလှမ်းခဲ့သည့် စီမံချက်ဖြစ်သည်။

လက်ရှိ စစ်အစိုးရ၏ ရက် ၁၀၀ စီမံကိန်းသတ်မှတ်ချက် ပြည့်ခဲ့ပြီဖြစ်သော်လည်း လက်တွေ့ တိုက်နေကြသည့် တော်လှန်ရေးအင်အားစုများနှင့် ဆွေးနွေးနိုင်ခြင်း မရှိဘဲ ထိုအချက်မှာ အာဏာသိမ်းစစ်တပ်၏ ငြိမ်ချမ်းရေး ဖိတ်ခေါ်မှု မအောင်မြင်ခြင်း၏ အဓိက အကြောင်းအရင်း တစ်ရပ်ဖြစ်ကြောင်း နိုင်ငံရေး၊ စစ်ရေး အကဲခတ်များက ရှုမြင်ထားကြသည်။

“ငြိမ်းချမ်းရေးဖိတ်ခေါ်တဲ့နေရာမှာ လက်နက်အားကိုးနဲ့ ဗုံးကြဲပြီး ပြည်သူတွေအထိနာရင် နေပြည်တော် ရောက်လာမယ်လို့ စစ်တပ်က မျှော်လင့်တယ်။ ဒီလိုလုပ်နေသမျှ ဆွေးနွေးဖြစ်လာမှာ မဟုတ်လို့ AA ထုတ်ပြောထားတယ်။ ဒီတော့ ဗုံးကြဲနေသမျှ ရခိုင်လက်ကျန်မြို့သိမ်းတိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်။ ပြည်သူတွေလည်း ဗုံးကြဲမှုအောက်မှာ အလူးအလဲခံရမယ့် ပုံပေါက်နေတယ်။ စစ်တပ်ရဲ့ လုပ်ရပ်က ဘာကိုညွှန်ပြနေလဲဆိုတော့ ရေတစ်ဖက်မီးတစ်မဖက်ကစားတယ်။ သူအားသာချက် လေကြောင်းနဲ့ ပြည်သူတွေကို ခြိမ်းခြောက်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမြင်ရတယ်” ဟု ရခိုင် စစ်ရေးလေ့လာစောင့်ကြည့်နေသူတစ်ဦးက ရှုမြင်သည်။

စစ်တပ်က ငြိမ်းချမ်းရေးဖိတ်ခေါ်ပြီး ရခိုင်ပြည်သူများကို ဗုံးကြဲနေခြင်းသည် ငြိမ်းချမ်းရေးနှင့် ထပ်တူ မကျဘဲ ထိုသို့ လုပ်နေသမျှလည်း နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု ဖြစ်လာမည်မဟုတ်ကြောင်း AA က ထုတ်ပြောထားသည်။

လက်ရှိ အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်အနှံ့ ဗုံးကြဲမှုများ ဆက်လက်လုပ်နေပြီး ဂွကို ဝင်ရောက်နိုင်ရေး ဧရာဝတီကတဆင့် အင်အားအလွန်အကျွံသုံး၍ ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲနေ့စဉ် ဖြစ်နေသည်။

တဆက်တည်းမှာ ရခိုင်လက်ကျန်မြို့များဖြစ်သည့် ကျောက်ဖြူနှင့် စစ်တွေမြို့နယ်တွင်လည်း တိုက်ပွဲများရှိနေပြီး ကျောက်ဖြူစစ်မျက်နှာမှာတော့ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာနေသည်။

DMG