စစ်ကိုင်းမြို့နှင့် မန္တလေးတို့ကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သူများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG ) က ငွေ ၅ ဒသမ ၆ ဘီလီယံ ( ဒေါ်လာ ၁.၃ သန်းခန့်) ကူညီထားသည် ဟု NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောသည်။
အကူအညီများကို ငလျင်ဒဏ်သင့်ဒေသများဖြစ်သည့် မန္တလေး၊ စစ်ကိုင်း ၊ နေပြည်တော်၊ ပဲခူးနှင့် ရှမ်းပြည် တောင်ပိုင်းဒေသများဆီကို ကူညီခဲ့ခြင်းဖြစ်ပြီး ဆက်လက်ကူညီမှုတို့ကိူ ဆောင်ရွက်နေဆဲဖြစ်သည်ဟု ၎င်းကဆိုသည်။
NUG က ထောက်ပံ့မှုများကို မြေပြင်အုပ်ချုပ်ရေးအဖွဲ့ထံသို့ တိုက်ရိုက်ထောက်ပံ့ပေးမှု ကျပ်သိန်း ခြောက်ထောင်နီးပါး အပါအဝင် ပြည်သူများကနေ လှူဒါန်းထားသည့် ကျပ်သိန်းပေါင်း နှစ်ထောင့်ခြောက်ရာကျော်ကိုလည်း အရပ်ဘက်အဖွဲ့များကတဆင့် ထောက်ပံ့ခဲ့သည်ဟု ဆိုသည်။
ငလျင်ဗဟိုချက်မဖြစ်သည့် စစ်ကိုင်းတိုင်းက အိမ်ထောင်စုလေးထောင်ကျော်အတွက် ကျပ်သိန်းတစ်သောင်းကျော်၊ မန္တလေးတိုင်းအတွက် ကျပ်သိန်းတစ်သောင်းရှစ်ထောင်နှင့် နေပြည်တော်အတွက် ကျပ်သိန်းနှစ်ထောင်ကျော်ကို ထောက်ပံ့ခဲ့ကြောင်း NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဧပြီလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
“ရွာမှာတော့ အပျက်အစီးတွေ သိပ်မများဘူး။ လေးငါးဆယ်အိမ်လောက်ပဲ ထိခိုက်ပြိုသွားတာ။ ရေခါးအင်းဘက်၊ ကောင်းမှုတော်ဘက်တော့ ငလျင်ကြောနဲ့မို့လို့ တော်တော်ပျက်သွားတယ်။ ထောက်ပံ့တာတွေ ဘာတွေတော့ မကြားမိဘူး ကိုယ့်လူ။ တချို့လည်း ငါတို့မသိလို့နေမှာ” ဟု စစ်ကိုင်းမြို့နယ်ရှိ ဒေသကာကွယ်ရေးတပ်များ ထိန်းချုပ်စိုးမိုးထားသည့် ကျေးရွာတစ်ရွာမှ ဒေသခံတစ်ဦးက ပြောသည်။
NUG အနေဖြင့် မြေငလျင်ဆိုင်ရာ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး အစီအစဉ်တို့ကို ပြင်ဆင်၍ စီးပွားရေးနှင့် လူမှုဝန်းကျင်သက်ရောက်မှု လျော့ပါးအောင် လုပ်ဆောင်မှုတို့လည်း ရှိနေသည်ဟု ဆိုသည်။
ဒေသခံတချို့ စုံစမ်းမေးမြန်းမှုတွေအရ NUG ရဲ့ ကူညီထောက်ပံ့မှုရော၊ စစ်ကောင်စီရဲ့ ကူညီထောက်ပံ့မှုတွေကိုရော လက်ရှိအချိန်ထိ တိုက်ရိုက်မရသေးပဲ ပရဟိတအဖွဲ့တွေဆီကနေ ကူညီမှုတွေသာရှိသေးကြောင်း စစ်ကိုင်းဒေသခံတချို့က ပြောပါသည်။
ငလျင်ရဲ့ ဗဟိုချက်မဖြစ်ခဲ့သောနေရာသည် NUG လက်အောက်ရှိ ဒေသကာကွယ်ရေးတပ်များ စိုးမိုးထားသည့် ဒေသတစ်ခုလည်းဖြစ်သည်။
ငလျင်ကြောင့် ထိခိုက်သေဆုံးသူ လေးထောင့်နှစ်ရာကျော်ရှိပြီး ဒဏ်ရာရရှိသူ သုံးထောင့်ခြောက်ရာကျော်ရှိကြောင်းနှင့် အဆောက်အဦးပေါင်း သုံးသောင်းသုံးထောင်ကျော် ပျက်စီးခဲ့တယ်လို့ NUG က ထုတ်ပြန်ထားသည်။
ရှမ်းနီအသံ ပေးပို့သည်။