ငဖဲမြို့နယ်က ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

By MPM 26 နိုဝင်ဘာ, 2024 👁

မကွေးတိုင်း၊ ငဖဲမြို့နယ်မှ ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်များက နိုဝင်ဘာ ၂၃ ရက်တွင် မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီဘက်က လက်နက်ကြီး ရာနှင့်ချီအသုံးပြုပြီး ငဖဲမြို့နယ်ရှိ ဘုံဘောရွာနှင့် ကျွဲသလင်းရွာကို ဝင်ရောက်မီးရှို့သွားခြင်းဖြစ်ကြောင်း သိရသည်။

ဒေသခံတစ်ဦးက “တိုက်ပွဲက ၄ နာရီလောက် ဖြစ်တယ်။ အဲဒီနောက်ပိုင်း စစ်တပ်ဘက်ကတက်လာပြီးတော့ မီးရှို့သွားတာ။ ရွာသားတွေက တိုက်ပွဲမဖြစ်ခင်ကတည်းက ရှောင်နေရတဲ့အတွက် ထိခိုက်မှုတော့မရှိပါဘူး” ဟု ပြောသည်။

ဒေသခံများပြောဆိုမှုအရ အဆိုပါ ကျေးရွာအနီးဝန်းကျင်တွင် စစ်ကောင်စီနှင့် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

မီးရှို့ခံရသည့် ဘုံဘောကျေးရွာနှင့် ကျွဲသလင်းကျေးရွာတို့သည် ငဖဲမြို့နယ်၌ အမည်ပေါက်နှင့် ဖျက်ဆီးရန် အမိန့်ကျပြီးသားကျေးရွာများဖြစ်ပြီး ယခုကဲ့သို့ ဖျက်ဆီးခံရသည့် အကြောင်းအရင်းကို မသိရကြောင်း ဒေသခံများက ဆက်ပြောသည်။

ဘုံဘောရွာနှင့် ကျွဲသလင်းရွာများတွင် အိမ်ထောင်စု ၈၀ ဝန်းကျင်ရှိပြီး ယင်းရွာများအပါအဝင် အနီးနားဝန်းကျင်က ကျေးရွာများသည်လည်း ပဒါန်းမြို့ဘက်ကို စစ်ရှောင်နေရကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။

လက်ရှိချိန်အထိ အခြေအနေရှုပ်ထွေးနေဆဲဖြစ်သည့်အတွက် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် လက်နက်ကိုင်အဖွဲ့အစည်းကို မသိရှိရသေးပေ။

ပြီးခဲ့သည့် နိုဝင်ဘာ၂၀ ရက်က ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာတဝိုက်၌ PRA – Magway က စစ်ကောင်စီစစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီဘက်မှ ၉ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သံလွင်တိုင်းမ် ပေးပို့သည်။