အာရက္ခပ်တော် AA က ရခိုင်တောင်ဘက်အစွန်ဆုံးရှိ ဂွမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေး အရှိန်အဟုန်ပြင်းပြင်းဖြင့် ထိုးစစ်ဆင်နေပြီး စစ်ကောင်စီဘက်ကလည်း ကြည်း၊ ရေ၊ လေကြောင်း ပစ်ကူများဖြင့် အသည်းအသန်ခုခံနေ၍ တိုက်ပွဲပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ဂွမြို့ကာတပ်ရင်းဖြစ်သည့် စစ်ကောင်စီတပ် ခမရ ၅၆၃ တပ်ရင်းကို ဒီဇင်ဘာ ၁၃ ရက်မှ စ၍ AA က ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများမှာ ဒီဇင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းအထိ ပြင်းထန်လျက်ရှိနေကြောင်း AA နှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
“စစ်ကောင်စီက ဗုံးလာကြဲတယ်ဗျ။ မနေ့ (ဒီဇင်ဘာ ၁၅ ရက်) ကဆိုရင် နေလယ် ၁၂ နာရီလောက်က တစ်စီး ၁ နာရီလောက်မှာ တစ်စီး ဗုံးလာချတာဗျ။ ဆေးရုံရယ် ဂွမြို့မရပ်ကွက် အလယ်ရွာဘက်က တစ်နေရာ၊ သံတွဲမြို့ ဘက်ကိုထွက်တဲ့ ဂွမြို့အထွက်က ကျော်ဇံဆီဆိုင်ရယ်တွေကို ဗုံးကြဲချတာဗျ” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ဂွမြို့တွင် စစ်ကောင်စီ၏ ခမရ (၅၆၂)၊ ခမရ (၅၆၃) တပ်ရင်းနှစ်ခုရှိပြီး မြို့တွင်းအဆောက်အအုံဖြင့် မြို့အဝင်/ အထွက်တို့တွင် တပ်စခန်းများတိုးချဲ့ကာ ခံစစ်ပြင်ဆင်ထားသည့်အပြင် ဧရာတီဘက်ခြမ်း မကျေးငူရွာ ဘက်တွင်လည်း အင်အားအလုံးအရင်းဖြင့် လက်နက်ကြီးခံတပ် ပြင်ဆင်ထားကြောင်း သိရသည်။
ပြည်မနှင့်ထိစပ်နေသည့် ရခိုင်ပြည်တောင်ဘက်တကြောတွင် ဂွမြို့သာ ကျန်ရှိတော့ပြီး စစ်ကောင်စီက လက်ကျန် မြို့မကျရေးအတွက် ဧရာတီဘက်ကနေ လူအင်အား၊ လက်နက်အင်အားများကို စစ်ကူတောက်လျောက်ပို့ကာ ခုခံ နေကြောင်း စစ်ရေးသတင်းရင်းမြစ်များ ပြောဆိုမှုအရ သိရသည်။
“တိုက်ပွဲတွေက အရမ်းကိုပြင်းထန်နေတာ။ တခုစိုးရိမ်စရာက မြို့ထဲမှာကျန်နေကြတဲ့သူတွေအတွက် စိုးရိမ်စရာ ဖြစ်ရတယ်။ တိုက်ပွဲမပြင်းခင်တုန်းက ဧရာဝတီဘက်မှာ စစ်ရှောင်နေကြတဲ့သူတချို့ အဲဘက်မှာ စားဝတ်နေရေး အခက်ခဲကြောင့် မြို့ကိုပြန်ဝင်လာကြတာရှိတယ်။ သူတို့အားလုံးအခု ပိတ်မိနေပြီ” ဟု မြေပြင်အခြေအနေကို သိရှိသူ ဂွဒေသခံတစ်ဦးက ပြောသည်။
ရခိုင်ဒေသအတွင်း မြို့နယ်အများအပြားကို သိမ်းပိုက်ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် AA သည် ကျန်နေသေးသည့်မြို့များကို သိမ်းပိုက်နိုင်ရေး မရပ်မနား ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။
လက်ရှိ၌ အာရက္ခတပ်တော် AA သည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်က မြို့နယ် ၁၂ ခု၊ အမ်းမြို့တို့ကို သိမ်းပိုက်ထားပြီးဖြစ်ကာ ကျောက်ဖြူ၊ မာန်အောင်နှင့် စစ်တွေမြို့တို့သာ ကျန်ရှိတော့ပြီဖြစ်သည်။
အောင်ထိန် (DMG ) ပေးပို့သည်။