ဂျန်ဒါနှင့် လိင်စိတ်အခံအခြေပြု အကြမ်းဖက်မှု ဖြစ်စဉ် ၃၀၀ နီးပါးအနက် ၈၀ ရာခိုင်နှုန်းနီးပါးကို စစ်အုပ်စုတပ်များ ကျူးလွန်ဟု S2S ထုတ်ပြန်

By MPM 10 ဇူလိုင်, 2026 👁 22

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် ဇွန်လအထိ ၁ နှစ်ခွဲတာကာလအတွင်း ဂျန်ဒါနှင့် လိင်စိတ်အခံအပေါ် အခြေပြုသည့် အကြမ်းဖက်မှု ဖြစ်စဉ်ပေါင်း ၂၉၅ ခုဖြစ်ပွားခဲ့သည်ကို Sister to Sisters (S2S) အဖွဲ့က မှတ်တမ်းတင်ထားနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

ယင်းဖြစ်စဉ်များ၏ ၇၉ ရာခိုင်နှုန်းနီးပါးကို စစ်အုပ်စုအဖွဲ့က ကျူးလွန်ခဲ့ပြီး အရပ်သားအမျိုးသမီး ၂၃၄ ဦးနှင့် ကလေးငယ် ၅၆ ဦးတို့ ထိခိုက်နစ်နာခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဥ်များသည် မှတ်တမ်းတင်နိုင်သည့် ဖြစ်စဥ်များသာဖြစ်ပြီး လက်တွေ့မြေပြင်တွင် ထိုထက်များပြားနိုင်သည်ဟုလည်း S2S ကဆိုသည်။

လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ ပစ်သတ်မှု ၊ အိမ်တွင်းရေးနှင့် ရာဇဝတ်မှုဆိုင်ရာ လူသတ်မှု ၁၉၂ ခု ဖြစ်ပွားခဲ့ပြီး မုဒိမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖတ်မှု ၅၈ ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

လုပ်ငန်းခွင်နှင့် စစ်ဆေးရေးဂိတ်များတွင် ကာယိန္ဒြေ နှောင့်ယှက်ခံရခြင်းမှာ ၃၈ ခု၊ ရုပ်ပိုင်းဆိုင်ရာ စော်ကားခြင်း ၂၆ ခု၊ ဒီဂျစ်တယ်နည်းလမ်းဖြင့် နှောင့်ယှက်ခံရခြင်း နှစ်ခုအပြင် အိမ်တွင်းအကြမ်းဖက်ခံရမှု နှစ်ခုပါဝင်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

အဖွဲ့အစည်းအလိုက် ကျူးလွန်မှုများတွင် စစ်အုပ်စုတပ်ဖွဲ့များသည် ဖြစ်စဉ်ပေါင်း ၂၃၃ ခုဖြင့် အများဆုံး ကျူးလွန်ခဲ့ပြီး စစ်ရာဇဝတ်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အဆိုးရွားဆုံး လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်ဖော်ပြထားသည်။

စစ်အုပ်စု၏ အကြမ်းဖက်မှုများကြောင့် ကလေးငယ် ၃၃ ဦး သေဆုံးခဲ့ရကာ အရပ်သား အမျိုးသား ၂၀၉ ဦးလည်း ထိခိုက်နစ်နာခဲ့ကြောင်း အချက်အလက်များအရ သိရသည်။

တော်လှန်ရေးအဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EROs) ဘက်တွင်လည်း ဖြစ်စဉ်ပေါင်း ၃၆ ခု ရှိခဲ့ကြောင်း မှတ်တမ်းတင်ထားသည်။

ယင်းဖြစ်စဉ်များတွင် PDF တပ်ဖွဲ့အချို့၏ မုဒိမ်းမှု မှတ်တမ်း ကိုး ခု၊ CDM သူနာပြုတဦးအား သတ်ဖြတ်ခြင်းနှင့် CDM ဆေးမှူးတဦးအား ကြိမ်ဒဏ်ပေးခြင်းတို့ ပါဝင်သည်။

ထို့ပြင် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များ၏ မုဒိမ်းမှု ငါး ခု အပါအဝင် ဖြစ်စဉ် ရှစ် ခု၊ အာရက္ခတပ်တော် (AA) ၏ ထိပါးနှောင့်ယှက်မှု ဖြစ်စဉ် ရှစ်ခုနှင့် အခြားဒေသတွင်း PDF များ၏ ဖြစ်စဉ်သုံးခုတို့ရှိခဲ့သည်။

ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ တရားဥပဒေစိုးမိုးရေး အားနည်းခြင်း၊ စုံစမ်းစစ်ဆေးမှုများကို လျစ်လျူရှုခြင်းနှင့် ပြစ်ဒဏ်များကို လျှော့ပေါ့ပေးခြင်းစသည့် စိန်ခေါ်မှုများရှိနေကြောင်း ထောက်ပြထားသည်။

အရပ်သားအချင်းချင်း ကျူးလွန်သည့် ဖြစ်စဉ်ပေါင်း ၂၅ ခု ရှိခဲ့ပြီး ယင်းဖြစ်စဉ်များတွင် ကလေးငယ်များသည် အများဆုံး ထိခိုက်နစ်နာသူများ ဖြစ်ခဲ့ကြသည်။

ထိုဖြစ်စဥ်များတွင် ကလေးငယ်များအား မုဒိမ်းကျင့်၊ သတ်ဖြတ်ခြင်း၊ လင်ယောင်္ကျားက ဇနီးဖြစ်သူအား မီးရှို့သတ်ဖြတ်ခြင်းနှင့် လူကုန်ကူးမှု ဖြစ်စဉ်များ ပါဝင်သည်။

အဆိုပါ ဖြစ်စဉ်အများစုကို ဒေသခံတရားရုံးများက သေဒဏ် သို့မဟုတ် ထောင်ဒဏ်များချမှတ်ကာ အဆုံးသတ်လေ့ရှိကြောင်း ဖော်ပြထားသည်။

S2S ၏ အချက်အလက်များကို ယုံကြည်စိတ်ချရသော သတင်းမီဒီယာ ၄၅ ခု၏ သတင်းအစီရင်ခံစာများမှ စုစည်းမှတ်တမ်းတင်ထားခြင်း ဖြစ်ကြောင်း သိရသည်။

မဇ္ဈိမ