ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နယ်ခွဲအတွင်း စစ်ကောင်စီတပ်က ဌာနေပြည်သူ့စစ်နှင့် အမျိုးသားရေး အစွန်းရောက်တချို့အား ခေါင်းဆောင်စေပြီး ဂေဘားတပ်မတော်အမည်ဖြင့် စစ်တပ်အကျိုးအတွက် လူအင်အားစုဆောင်းနေမှုကို လက်မခံကြောင်း ဂေဘားမျိုးနွယ်ဒေသခံများက ပြောသည်။
စစ်ကောင်စီက ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်သည့် တပ်မဟာ(၂) တောင်ငူခရိုင်၊ လိပ်သိုဒေသရှိ ဂေဘားရွာများတွင် ပြီးခဲ့သည့် ဇန်နဝါရီလပိုင်းမှစတင်၍ ဂေဘားတပ်မတော် ဖွဲ့ရန်ဟုဆိုကာ ဂေဘားရွာများသို့ ဝင်ရောက်၍ စည်းရုံးရေးနှင့် လူစုဆောင်းရေး လုပ်ဆောင်နေခြင်းဖြစ်သည်။
အမည်မဖော်လိုသူ ဂေးဘားမျိုးနွယ်ဒေသခံတစ်ဦးက “ဒီလိုလုပ်တာက ကျနော်တို့ဂေဘားလူမျိုးတွေကို စိတ်ဝမ်း ကွဲစေတယ်။ အခုလူနည်းစုတစ်ခုကပဲ ဦးဆောင်လုပ်သွားတယ်လို့ ကြားတယ်။ လုပ်ချင်သပဆိုရင်တောင် ကြိုတင် ညှိနှိုင်းမှုရှိရမယ်။ ကျေးရွာအသီးသီးကို ချပြ ရှင်းပြရမယ်။ ကျနော်ဆိုလိုတာက ဂေဘားတပ်မတော်ဆိုတဲ့ နာမည်နဲ့ မထွက်ဖို့ပါ။ အခုသူတို့လုပ်လိုက်တာ ကျနော်တို့ဂေဘားမျိုးနွယ်တစ်ခုလုံး Image ကျတယ်” ဟု ပြောသည်။
စစ်တပ်ကျောထောက်နောက်ခံ လူတစ်စု၏ အဆိုပါလုပ်ရပ်သည် ဂေဘားမျိုးနွယ်များ၏ ပုံရိပ်နှင့်ဂုဏ်သိက္ခာကို ကျဆင်းစေသည့်အပြင် ဂေဘားမျိုးနွယ်အချင်းချင်း စိတ်ဝမ်းကွဲစေသဖြင့် ထိုလုပ်ရပ်ကို ကန့်ကွက်ကြောင်း ထိုနယ်မြေအတွင်း နေထိုင်သူ ဂေဘားမျိုးနွယ်ဒေသခံများက ပြောသည်။
ဂေဘားရွာများသို့ လိုက်လံလူစုဆောင်းသူများသည် မျိုးနွယ်စုများ၏သဘောဆန္ဒမပါဘဲ ဂေဘားလူငယ်များအား မက်လုံးပေး၍ တိတ်တဆိတ် စည်းရုံးရေးလုပ်ဆောင်ကြခြင်းဖြစ်ကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။
“သူတို့က ရွာတွေကို ကြိုတင်အသိပေး ဟောပြောတာမျိုးမရှိဘဲနဲ့ ဗြုန်းစားကြီးဝင်ပြီးတော့ လုပ်လိုက်တာ။ သူတို့မှန်ကန်တယ်ဆိုရင် ကျေးရွာတိုင်းကို ပြောင်ပြောင်တင်းတင်းဝင်ပြီး လှုပ်ရှားပေါ့။ အခုက သူတို့က တိတ်တဆိတ် ဝင်လှုပ်ရှားသွားတာ။ ကလေးတွေကတော့ မက်လုံးရရင် ယူမှာပဲလေ။ ဒါပေမဲ့ နောက်ဆက်တွဲ ဘာဖြစ်လာမလဲဆိုတာ သူတို့မတွေးဘူးလေ။ လူကြီးပိုင်းကတော့ လက်မခံတာများနေပြီ” ဟု အဆိုပါဒေသခံက ဆက်ပြောသည်။
ဂေဘားတပ်မတော်အတွင်း ဝင်ရောက်အမှုထမ်းမည့်သူများကို ရိက္ခာအနေဖြင့် ဆန်အပြင် မြန်မာကျပ်ငွေ ၆ သောင်းကိုလည်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း လူအင်အားစုဆောင်းနေသူများက ပြောဆိုပြီး လက်ရှိတွင် လူဦးရေ ၁၀၀ ထက်မနည်း စုဆောင်းရရှိနေပြီဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောသည်။
အခြားဒေသခံအမျိုးသမီးတစ်ဦးက “တကယ်လည်း သွားနေတဲ့သူတွေရှိတော့ ကျမတို့အရမ်းရှက်တယ်။ ကိုယ့်အမျိုးသားတွေက ဒီလောက် အရလားဆိုပြီးတော့ ဝမ်းလည်းဝမ်းနည်းတယ်။ ဒါပေမဲ့လည်း ဒီကလေးတွေက အသိပညာနဲ့ အတွေးအခေါ်မရှိတာနဲ့ မက်လုံးတွေနောက်လိုက်တာနဲ့ အဲ့ဒီလိုဖြစ်သွားတာစိတ်မကောင်းဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျမတို့လုံးဝကို လက်မခံနိုင်ဘူး” ဟု ပြောသည်။
ဂေဘားလူငယ်များ အနေဖြင့် လက်ရှိလူအင်အားစုဆောင်းရေးလုပ်ဆောင်နေသူတို့၏ လုပ်ရပ်က မှန်ကန်မှု ရှိမရှိနှင့် မိမိတို့လူမျိုးရေးကို ထိခိုက်နိုင်ခြင်း ရှိမရှိကို လေ့လာပြီးမှ စဥ်းစားဆောင်ရွက်ကြရန်လည်း ဒေသခံဂေဘားမျိုးနွယ်ဝင် ရပ်မိရပ်ဖများက အသိပေးနှိုးဆော်ထားသည်။
KNU ကလည်း ဂေဘားမျိုးနွယ်အမည်တပ်၍ ကေအဲန်ယူအုပ်ချုပ်မှုနယ်မြေအတွင်း လှုပ်ရှားနေသူများအား သိရှိ စောင့်ကြည့်နေသလို အရေးယူမှုဆောင်ရွက်ရန် သက်ဆိုင်ရာတပ်မဟာအလိုက် ဆွေးနွေးနေကြောင်း သိရသည်။
KIC ပေးပို့သည်။