ချိတ်ပိတ်ထားသည့် နေအိမ်အချို့ ပိုင်ရှင်ထံ AA ပြန်လွှဲပေး

By MPM 1 ဧပြီ, 2026 👁 3

ရခိုင်ဒေသအတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများတွင် ချိတ်ပိတ်ထားခဲ့သည့် နေအိမ်များထဲမှ အချို့ကို AA က ပိုင်ရှင်များထံ ပြန်လည်လွှဲပြောင်းပေးမှုများ ရှိကြောင်း သိရသည်။

နေအိမ်ချိတ်ပိတ်ခံထားရသူများက အချက်အလက်စုံလင်စွာဖြင့် အသနားခံစာတင်ပြလာ၍ မူလပိုင် ရှင်များထံ လွှဲပြောင်းပေးခဲ့ခြင်းဟု AA ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။

“မြို့သိမ်းတိုက်ပွဲအပြီးနောက်ပိုင်း ကျနော်တို့ တော်လှန်ရေးအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေနဲ့ ပတ်သက် ဆက်စပ်နေတဲ့သူတွေ၊ အကြမ်းဖက်အဖွဲ့အစည်း၊ အကြမ်း ဖက်သမားတွေနဲ့ ဆက်စပ်နေတဲ့သူတွေ ပိုင်ဆိုင်တဲ့ နေအိမ်၊ အဆောက်အအုံတွေကို အခြေအနေရဲ့ လိုအပ်ချက်အရ ချိတ်ပိတ်ခဲ့ပါတယ်။ ဒီအပေါ်မှာ နေအိမ်ပိုင်ရှင်တွေဘက်က သူတို့ အပြစ်ကင်းကြောင်း အချက်အလက်အပြည့်အစုံနဲ့ အသနားခံစာတင်သွင်းလာတဲ့အတွက် ကျနော်တို့ဖက်က ပြန်စိစစ်ပြီး အပြစ်ကင်းတယ်ဆိုရင် ချိပ်ပိတ်ထားတာကို ပြန်ဖွင့်ပြီး မူလပိုင်ရှင်လက်ထဲ ပြန်လွှဲပြောင်းပေးတာတွေ ရှိပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

ထိန်းချုပ်နယ်မြေများတွင် စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်သူများ၏ နေအိမ်၊ အဆောက် အအုံများကို အာရက္ခတပ်တော်က အဓိကထား ချိတ်ပိတ်မှုများ လုပ်နေသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်က မြေပုံမြို့ပေါ်ရှိ စစ်ကောင်စီ၏ ရခိုင်ပြည်နယ် ချင်းတိုင်းရင်းသား ရေးရာဝန်ကြီး ဦးတင်လှ နေအိမ်ကို AA က ချိတ်ပိတ်ခဲ့သည်။

ထိုသို့ ချိတ်ပိတ်ခံရသည့် နေအိမ်၊ အဆောက်အအုံ ပိုင်ရှင်များအနေဖြင့် အပြစ်မရှိကြောင်း အထောက်အထားအပြည့်အစုံနှင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရထံ အသနားခံစာလျှောက်ထားနိုင်ကြောင်းလည်း ဦးခိုင်သုခက ပြောထားသည်။

သံတွဲ ဒေသခံအမျိုးသမီးတစ်ဦးက “ချိတ်ပိတ်ခံရတာတွေကို ပြန်ပြီး ဖြေလျှော့ပေးမယ်ဆိုပြီး ကြေညာတာက ဝမ်းသာစရာဖြစ်ပေမယ့်လည်း တချို့က စစ်ရှောင်နေရတော့ ကိုယ့်ဒေသထဲ မဟုတ်တာရယ်၊ ဒီလို အသနားခံစာတင်ရတာတွေကို လိုင်းမရဘာမရနဲ့ မသိ သတိမထားမိတာတွေ ရှိနေတယ်။ ဘာပဲဖြစ်ဖြစ် အခုလို တချို့တွေကို ပြန်အပ်ပေးတယ်ဆိုရင်တော့ တခါတလေ နားလည်မှုလွဲတာတွေကြောင့် အသိမ်းခံရတဲ့သူတွေအတွက် အဆင်ပြေတာပေါ့” ဟု ပြောသည်။

ဘူးသီးတောင်မြို့တွင် ARSA၊ RSO စသည့် မွတ်ဆလင်လက်နက်ကိုင် ခေါင်းဆောင်များ၊ စစ်ကောင်စီတို့နှင့် ဆက်စပ်ခဲ့သည့် နေအိမ်အဆောက်အအုံ ၁၀ ထက်မနည်း ချိတ်ပိတ်ခံထားရကြောင်း သိရသည်။

မောင်တောမြို့တွင်လည်း မွတ်ဆလင်လက်နက်ကိုင်၊ စစ်ကောင်စီတို့ ပိုင်ဆိုင်ခဲ့သည့် နေအိမ်အဆောက်အအုံနှင့် ဆက်စပ်သည့် အဆောက်အအုံပေါင်း ၄၀ ထက်မနည်း ချိတ်ပိတ်သိမ်းဆည်းထားကြောင်း AA နှင့် နီးစပ်သူများထံမှ သိရသည်။

ယင်းအပြင် အခြားမြို့နယ်များတွင်လည်း စစ်ကောင်စီနှင့်ဆက်စပ်သူများ၏ နေအိမ်၊ အဆောက်အအုံအချို့အပါအဝင် တောင်ကုတ်မြို့မှ နာမည်ကြီး စီးပွားရေးလုပ်ငန်း ဦးကျောက်တောင်နှင့် သံတွဲမြို့နယ်၊ ငပလီ ကမ်းခြေမှ စစ်ဗိုလ်ချုပ်များနှင့်ခိုင်မာသော အကျိုးစီးပွားရှိသည့် ဟိုတယ်များ၊ လုပ်ငန်းများကိုလည်း ချိပ်ပိတ်ထားသည်။

“အာရက္ခတပ်တော်က အခုလို စစ်တပ်နဲ့ ဆက်စပ်ပတ်သက်သူတွေရဲ့ ပိုင်ဆိုင်မှုသိမ်းတာကိုတော့ တစ်ဖက်က ကြိုက်ပါတယ်။ ဒါပေမယ့် ချိတ်ပိတ်မယ့် အိမ်၊ အဆောက်အအုံတွေရဲ့ နောက်ခံကို ပိုပြီး စိစစ်ဖို့ လိုတယ်လို့ ထင်တယ်။ ဘယ်သူ့ရဲ့ ပိုင်ဆိုင်မှုဖြစ်တဲ့အတွက် ချိတ်ပိတ်ပါတယ်ဆိုပြီး လုပ်တာမျိုး မဟုတ်ဘဲ လက်ရှိ ဘယ်သူ့လက်ထဲရှိနေလဲ ဘယ်သူနေလဲဆိုတာမျိုးတွေကိုလည်း စိစစ်သင့်တယ်” ဟု မင်းပြားဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအား ဆန့်ကျင်သော အဖွဲအစည်း၊ လူပုဂ္ဂိုလ်များနှင့် ပတ်သက်ဆက်စပ်သူများ၏ ပိုင်ဆိုင်မှုများ အစိုးရပိုင်အဖြစ်သိမ်းဆည်းသွားမည်ဖြစ်ပြီး ချိတ်ပိတ်သည့်နေ့မှစ၍ မည်သူမဆို ကျူးကျော်ခြင်း၊ ရောင်းဝယ်ခြင်း၊ နေထိုင်မှုများပြုလုပ်ပါက အရေးယူမည်ဟု ဆိုထားသည်။

DMG