28 ဇွန် 2025 /

See today's Peace Related News

Homeသတင်းချင်းပြည်၊ ဟွာလ်ငိုးရမ်းဒေသကို State of Emergency အဖြစ် HPO/CDF-Hualngoram ကြေညာ

ချင်းပြည်၊ ဟွာလ်ငိုးရမ်းဒေသကို State of Emergency အဖြစ် HPO/CDF-Hualngoram ကြေညာ

ချင်းပြည်နယ် ဟွာလ်ငိုးရမ်းဒေသအတွင်း တရားဥပဒေစိုးမိုးရေး ကောင်းမွန်စွာလည်ပတ်နိုင်ရန်နှင့် ပြည်သူများ ပိုမိုလုံခြုံမှုရှိစေရန် HPO/CDF-Hualngoram က ဟွာလ်ငိုးရမ်ဒေသကို State of Emergency အဖြစ် ဇွန်လ ၁၆ ရက်တွင် ကြေညာလိုက်သည်။

HPO/ CDF- Hualngoram ၏ Office Bearer အစည်းအဝေးတရပ်ကို ဇွန်လ ၁၅ ရက်နေ့တွင် ကျင်းပခဲ့ပြီး ဟွာလ်ငိုးရမ်း၏ လက်ရှိအခြေအနေကို ဆွေးနွေးသုံးသပ်ပြီးနောက် State of Emergency ကြေညာရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။

HPO/CDF-Hualngoram မှ ပြောရေးဆိုခွင့်ရှိသူက “အဓိက, ကတော့ CNO/CNDF ဘက်က ထိုးစစ်ဆင်လာတာတွေများနေလို့။ “ရိ” အပေါ်ကရွာ Khawthlir ရွာမှာ CNO/CNDF က ဂိတ်အသစ်ဖွင့်လာတော့ ပြီးခဲ့တဲ့ တပါတ်လုံးမှာ ပြည်သူတွေကို အသွားအလာ စိစစ်တာတွေလုပ်နေတယ်။ ဈေးသွားဈေးလာလုပ်နေတဲ့သူတွေကို အရင်က စစ်ကောင်စီလိုမျိုး ဖုန်းတွေကိုဖွင့်ကြည့်ပြီး စစ်တာတွေများနေတော့ ပြည်သူတွေ ဒုက္ခရောက်နေတယ်” ဟု ပြောသည်။

ဆက်လက်ပြီး ပြောရေးဆိုခွင့်ရှိသူက “ဟွာလ်ငိုးရမ်ဒေသထဲမှာ ဒီလိုဖြစ်နေတာ၊ HPO/CDF-Hualngoram အနေနဲ့ ဘာမှမလုပ်တော့ဘူးလား။ ပြည်သူတွေ အရမ်းဒုက္ခရောက်နေတယ်။ ဖြေရှင်းပေးပါဆိုတော့ ကျွန်တော်တို့အနေနဲ့လည်း ပြည်သူတွေရဲ့လုံခြုံရေးအတွက် လိုအပ်သလိုအရေးယူလို့ရအောင် State of Emergency ထုတ်ပြန်လိုက်ရခြင်းဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါကြေညာချက်သည် ဇွန်လ ၁၆ ရက်နေ့မှစ၍ နောက်ထပ်ကြေညာချက် မထုတ်ပြန်မီအထိ အကြုံးဝင်မည်ဟု သိရသည်။

Khuathlir ကျေးရွာရှိ CNO/CNDF ၏ စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာသည့် ပြည်သူများ၏ လက်ကိုင်ဖုန်းများကို စစ်ဆေးသည့်အပြင် ငွေကြေးများတောင်းခံကာ ငွေကြေးမပေးနိုင်သူများအား ဖြတ်သန်းခွင့်မပေးဘဲ ပြန်လွှတ်သည်ဟု ၎င်းက ဆက်ပြောသည်။

ဟွာလ်ငိုးရမ်အတွင်းရှိ အချို့သော CNO/CNDF စစ်ဆေးရေးဂိတ်များတွင် ပြသာနာမဖြစ်သော်လည်း Khawthlir ဂိတ်တွင်မူ ပြည်သူများ လွတ်လပ်စွာသွားလာခွင့်မရှိသည်မှာ တစ်ပါတ်ခန့်ရှိပြီဟု သိရသည်။

“အခု Khawthlir မှာက သူတို့ ဖြတ်သွားဖြတ်လာလုပ်တဲ့သူတွေကို ဟိုမေးဒီမေး လူမျိုးခွဲခြားသလိုနဲ့ CDF-Hualngoram supporter ဆို ပိုက်ဆံတောင်းတာတို့၊ ဖြတ်ခွင့်မပေးတာတို့ရှိနေလို့။ အခုလို ပြည်သူတွေကို အနှောက်အယှက်ပေးတဲ့ အစုအဖွဲ့တွေကို ဘယ်လိုအရေးယူမယ်ဆိုတာတော့ order မရှိပါဘူး။ ဘာလုပ်မယ် ညာလုပ်မယ် ဆိုတာတော့မရှိပါဘူး။ ဒါပေမဲ့ ပြည်သူတွေ လွတ်လပ်စွာဖြတ်သန်းသွားလာနိုင်ဖို့ CDF-Hualngoram က လိုအပ်သလို စီစဉ်ဆောင်ရွက်နိုင်အောင် HPO က အခွင့်အလမ်းပေးထားတာဖြစ်ပါတယ်” ဟု HPO/CDF-Hualngoram မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ယခုကိစ္စနှင့် ပတ်သက်၍ CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီကို ဆက်သွယ်မေးမြန်းကြည့်ရာမှာ ယခုလို တုန့်ပြန်ပြောဆိုသည်။

“Khawthlir မှာ ကျွန်တော်တို့ ဂိတ်ထားထားတာ ကြာပါပြီ။ CDF – Hualngoram လဲ သိမှာပါ၊ ဒါပေမဲ့ အရင်တုန်းကတော့ လုံခြုံရေးကို ကြပ်ကြပ်မတ်မတ်ဆောင်ရွက်တာတော့ နည်းတာပေါ့နော်။ ကျွန်တော်တို့အဖွဲ့ နှစ်ဖွဲ့ကြား ပဋိပက္ခဖြစ်ပွားတဲ့နောက်မှာ စစ်ဆေးတာတွေလုပ်တယ်။ ငွေကြေးကောက်ခံတာ ဘာတစ်ခုမှ မရှိပါဘူး။ ရှိခဲ့လို့ရှိရင်လည်း ပြည်သူတွေ CNO/CNDF ထံ တိုင်ကြားလို့ရပါတယ်။ ဘယ်ပြည်သူမဆို လွတ်လွတ်လပ်လပ် သွားလာလို့ရပါတယ်။ ကျနော်တို့ လုံခြုံရေးအရ ဖုန်းစစ်ဆေးတာတော့ ရှိပါတယ်။ ဒီနေ့ပြောတဲ့ပုံစံလိုမျိုး ပိုက်ဆံမပေးလို့ သွားခွင့်မပေးတာမရှိပါဘူး။ သူတို့ကပဲ khawthlir မှာရှိတဲ့သူတွေကို တီအိုဘက်ကို ဝင်ခွင့်မပေးတာပဲရှိပါတယ်” ဟု ဆလိုင်းတီမီက ပြောသည်။

Khawthlir ရွာသည် အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့မှ ဖလမ်းမြို့ဘက်သို့ သွားလာရာတွင် အဓိက အသုံးပြုသော လမ်းမပေါ်တွင်တည်ရှိသော ကျေးရွာဖြစ်သည်။

KMG ပေးပို့သည်။