ချင်းပြည်အစိုးရ ပူးပေါင်းတပ်များက ထန်တလန်မြို့ စစ်ကောင်စီတပ် အမာခံတပ်ကုန်းကို သိမ်းပိုက်

0
202
ပုံစာ - ထန်တလန်မြို့ စစ်ကောင်စီတပ် အမာခံတပ်ကုန်းကို ဒရုန်းဖြင့်ရိုက်ကူးထားပုံ။

ချင်းပြည်နယ်၊ ထန်တလန်မြို့က စစ်ကောင်စီ၏ အထိုင်စခန်းကြီးဖြစ်သည့် ၂၆၉ တပ်ကုန်းကို ယနေ့ (သြဂုတ် ၅ ရက်နေ့) မနက်ပိုင်းတွင် ချင်းပြည်အစိုးရပူးပေါင်းတပ်များက အပြီးသိမ်းပိုက်လိုက်နိုင်ပြီး စခန်းငယ် ၂ ခုကို ရှင်းလင်းပြီးပါက ထန်တလန်မြို့နယ်တစ်ခုလုံး စစ်ကောင်စီကင်းစင်တော့မည်ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ ဒီမနက်ပဲ ထန်တလန်က စစ်ကောင်စီရဲ့ ၂၆၉ အထိုင်တပ်ကုန်းကြီးတစ်ခုလုံးကို အပြီးသိမ်းနိုင်ခဲ့ပြီ။ ဒါပေမယ့် အဲဒီမှာ မြို့ထဲမှာရှိတဲ့ ကင်းစခန်းငယ် ၂ ခုကတော့ ကျန်ပါသေးတယ်။ အဲဒါတွေကို ဆက်လက်ပြီး သိမ်းဖို့ လုပ်နေတယ်။ မကြာခင်တော့ အဲဒါတွေလည်း စိုးမိုးထားနိုင်တော့မယ်လို့ ပြောလို့ရတယ်” ဟု ချင်းအမျိုးသားတပ်ဦး CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ထန်တလန်မြို့ပေါ်က စစ်ကောင်စီတပ် အခိုင်အမာတပ်စခန်း ချထားသည့် ခြေလျင်တပ်ရင်း ၂၆၉ တပ်ကုန်းကို ချင်းပြည်အစိုးရ ပူးပေါင်းတပ်များက နှစ်ပတ်နီးပါးကြာ တိုက်ခိုက်ခဲ့ပြီးနောက် သြဂုတ် ၅ ရက်နေ့ မနက် ၉ နာရီခန့်တွင် အပြီးသတ်သိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ချင်းပြည်သူအားလုံး စွန့်ခွာထားရသည့် ထန်တလန်မြို့ပေါ်တွင် စစ်ကောင်စီတပ်က ခလရ – ၂၆၉ တပ်ကုန်းတွင် အခိုင်အမာတပ်စွဲပြီး မြို့ပေါ်ရှိ ဗျူဟာအရ အရေးပါသော နေရာ ၇ ခုတွင် စခန်းငယ်များတည်ဆောက်ကာ တပ်ဖြန့်နေရာ ယူထားကြောင်း သိရသည်။

“သူတို့တပ်ကုန်းမှာ ကျွန်တော်တို့ အလံကိုလည်း ချိတ်နိုင်ခဲ့ပြီ။ လက်နက်တော်တော်များများကိုလည်း သိမ်းနိုင် တယ်။ လက်နက်ကြီး၊ ငယ်၊ ကျည် စသဖြင့် လက်နက်ကတော့ များတယ်။  အခု ကျန်တဲ့ဟာကိုတော့ ခဏနဲ့ အပြီးသိမ်းနိုင်မယ်လို့ မျှော်လင့်တယ်” ဟု CDF-Thantlang ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

၂၆၉ တပ်ကုန်း မကျစေရေးအတွက် စစ်ကောင်စီသည် ဟားခါးမြို့မှ လက်နက်ပစ်ကူနှင့် လေကြောင်းပစ်ကူများ အများအပြားပေးခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

ခလရ ၂၆၉ တပ်ကုန်းတွင် ရဲအင်အား ၄၀ ကျော်အပါအဝင် တပ်ရင်း (၂) ခုတို့မှ စစ်ကောင်စီတပ်သား ၁၀၀ ကျော်ရှိကြောင်း CDF-Thantlang ပြောဆိုမှုအရ သိရသည်။

ချင်းပြည်အစိုးရ ပူးပေါင်းတပ်မှ ဒဏ်ရာရရှိသူ ရဲဘော်တချို့ရှိပြီး၊ စစ်ကောင်စီက ကျဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိနိုင်ကြောင်း လတ်တလောသတင်းအရ သိရှိရသည်။

လက်ရှိတွင် ထန်တလန်မြို့ထဲက စစ်ရေးဗျူဟာအရ အရေးပါသော ကင်းပုန်းစခန်းငယ် ၇ ခုတွင် ၅ ခုကို သိမ်းပိုက်ထားကြောင်း၊ ကျန် ၂ ခုကိုလည်း ဆက်လက်ရှင်းလင်းနေပြီး မကြာခင် သိမ်းနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

“အခုက ၂ နေရာပဲ ကျန်တော့တယ်။ အဲဒါရှင်းလင်းပြီးရင်တော့ ထန်တလန်မြို့ တစ်ခုလုံးထဲ မဟုတ်ဘဲနဲ့ ထန်တလန်တစ်မြို့နယ်လုံးက စစ်ကောင်စီ ကင်းစင်သွားပြီလို့ ပြောလို့ရတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

ခလရ – ၂၆၉ တပ်ကုန်းကို ချင်းပူးပေါင်းတပ်များသည် လက်ရှိတွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေပြီး လက်နက်ခဲယမ်းရရှိမှု၊ စစ်ကောင်စီ၏ သေဆုံးမှု၊ ဒဏ်ရာရရှိမှု အသေးစိတ်ကို မသိရသေးပါ။

ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရတပ်ဖွဲ့များသည် ဟားခါး- ထန်တလန်ကြားက လုံခါရ်တောင်ကုန်းနှင့် အော်တိုတောင်ကုန်းတို့က  စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဇူလိုင်လ ၂၂ ရက်မှစတင်၍ ဇူလိုင်လ ၂၈ ရက်က စစ်ကောင်စီတပ်စခန်းငယ် ၇ ခုခန့် သိမ်းနိုင်ခဲ့သည်။

ယင်းစစ်ဆင်ရေးများတွင် ချင်းပြည်အစိုးရအဖွဲ့ လက်အောက်ခံ ချင်းတော်လှန်ရေးအင်အားစုများအပါအဝင် တပ်ဖွဲ့ ၁၅ ဖွဲ့ခန့်ပါဝင်ကြောင်း သိရသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here