ချင်းပြည်သူများ ဘယ်နိုင်ငံပဲရောက်ရောက်၊ ဘယ်ဒေသတွင်နေထိုင်ပါစေ တော်လှန်ရေးနှင့် ချင်းစိတ်ဓါတ်ကို မမေ့ကြရန် CDF ကန်ပက်လက်ကပြုလုပ်သည့် “ဝိတိုရိယသူရဲကောင်း စုပေါင်းအားသစ်လောင်း” ရန်ပုံငွေ ကမ်ပိန်းတွင် NUG အစိုးရ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဝန်ကြီးဒေါက်တာဆာဆာက ပြောသည်။
CDF ကန်ပက်လက်၏ “ဝိတိုရိယသူရဲကောင်း စုပေါင်းအားသစ်လောင်း” အမည်ပေးထားသော ရန်ပုံငွေ သိန်းငါးထောင် ကမ်ပိန်းလှုပ်ရှားမှုကို စက်တင်ဘာလ ၁၇ ရက်က အွန်လိုင်းမှပြုလုပ်ရာတွင် ဝန်ကြီးဒေါက်တာဆာဆာက ပြောဆိုခြင်း ဖြစ်သည်။
“ပြည်သူလူထုတွေက ဘယ်နိုင်ငံမှာပဲရောက်ရောက်၊ ဘယ်ဒေသမှာပဲနေနေ၊ ပါဝင်ခြင်းအားဖြင့် စောစောက ပြောတဲ့ စစ်မျက်နှာ လေးမျက်နှာမှာ တစ်မျက်နှာမှာပါဝင်ပြီး ဖြစ်တယ်။ ဒါဟာ သမိုင်းဝင်ပါဝင်မှု ဖြစ်တယ်။ ဒါကြောင့် ဘယ်နေရာမှာပဲရောက်ရောက် သူရဲကောင်းတွေအတွက်ကို အားလုံးဝိုင်းဝန်းကူညီပေးကြပါဖို့ ပြောလိုပါတယ်။ အထူးသဖြင့် ချင်းပြည်သူတွေထဲမှာ တော်လှန်ရေးစိတ်ဓါတ်၊ တော်လှန်ရေးက နိုင်ငံရေးရဲ့ အပေါ်ကို ရောက်သွားပြီလို့ ယုံကြည်မိပါတယ်။ ဘာကြောင့်ဆိုတော့ တရားခြင်းနဲ့ မတရားခြင်းကြား တော်လှန်ရေး ဖြစ်သွားပြီ။ ဥပမာ စစ်ကျွန်ဘဝမှာ တစ်သက်လုံး ရောက်မယ့်ဟာကို ဖက်ဒရယ်ဒီမိုကရေစီ စနစ်အောက်မှာနေဖို့ တော်လှန်ရေးဖြစ်သွားပြီ” ဟု ဒေါက်တာဆာဆာက ပြောသည်။
လက်ရှိတွင် တော်လှန်ရေးသည် အရှိန်အဟုန်မြင့်တင်ဖို့ လိုအပ်နေပြီး စစ်ကောင်စီကို စစ်ရေးစစ်မျက်နှာ၊ အပြည်ပြည်ဆိုင်ရာ စစ်မျက်နှာ၊ စီးပွားရေးစစ်မျက်နှာနှင့် နိုင်ငံရေးစစ်မျက်နှာတို့ဖြင့် စစ်မျက်နှာ ၄ ခု ဖွင့်ပြီး တိုက်ခိုက်နေသည်ဟု ဝန်ကြီးကပြောသည်။
ထို့အပြင် ချင်းပြည်သူတိုင်းတွင် သတ္တိရှိခြင်း၊ သစ္စာရှိခြင်းနှင့် မေတ္တာတရားကြီးမားခြင်း ဟူသော ချင်းစိတ်ဓါတ် တွေရှိကြပြီး ဘယ်နိုင်ငံရောက်ရောက်၊ ဘယ်ဒေသတွင် နေထိုင်သည်ဖြစ်စေ ချင်းဖြစ်သူတိုင်းတွင် ယင်းအချက်များ ရှိသည်ဟု ဒေါက်တာဆာဆာက ဆက်ပြောသည်။
“ဝိတိုရိယသူရဲကောင်း စုပေါင်းအားသစ်လောင်း” ရန်ပုံငွေကမ်ပိန်းသည် ချင်းပြည်နယ်၏ ရှေ့တန်းစစ်မျက်နှာ ပြင်ဖြစ်သည့် မဟာဗျူဟာကျသော ကန်ပက်လက်အတွက် ဖြစ်သောကြောင့် ပြည်သူများအားလုံးက အပြည့်အဝ ပါဝင်ပေးကြရန် ဒေါက်တာဆာဆာက တိုက်တွန်းသည်။
ခုခံပြောက်ကျားစစ်မှ စခန်းသိမ်းထိုးစစ်ဆင်မှုများ ပြုလုပ်နိုင်ရန် အချိန်ရောက်လာပြီဖြစ်၍ ဒရုန်းအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များ၊ ခဲယမ်းများ ဖြည့်တင်းနိုင်ရန် ဩဂုတ် ၃၁ ရက်မှ အောက်တိုဘာ ၁၅ ရက်ထိ “ဝိတိုရိယသူရဲကောင်း စုပေါင်းအားသစ်လောင်း” သိန်းငါးထောင် ရန်ပုံငွေကမ်ပိန်းကို ပြုလုပ်နေခြင်းဖြစ်သည်။
KMG ပေးပို့သည်။