ခလရ (၁၄၈) နှင့် တွင်းငယ်လမ်းပိုင်းကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်

By MPM 26 မတ်, 2026 👁 3

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်၊ ကျောက်လှည်းဘီးကျေးရွာအနီးရှိ စစ်ကော်မရှင်တပ်၏ ခြေလျင်တပ်ရင်း ခလရ (၁၄၈) ကို စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်ထားပြီဖြစ်သည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

သပိတ်ကျင်းမြို့နယ်မှ မိုးကုတ်မြို့သို့သွားသည့် လမ်းပိုင်းတွင် တည်ရှိသည့် ခလရ (၁၄၈) တပ်ရင်းအပြင် တွင်းငယ်-မိုးမိတ်လမ်းပိုင်းကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဆုတ်ခွာပေးခဲ့ရသည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် နီးစပ်သူ သတင်းရင်းမြစ်တဦးက မဇ္ဈိမသို့ ပြောသည်။

“မိုးကုတ်တက်တဲ့လမ်းမှာ (၁၄၈) တပ်ရင်း ရှိတယ်။ (၁၄၈) ကို စစ်ကောင်စီကထိန်းသွားပြီ။ တွင်းငယ်သွားတဲ့လမ်းဘက်မှာ စစ်ကောင်စီက စိုးမိုးသွားပြီ။ အဲ့ပေါ်မှာ အဓိက လှုပ်ရှားနေတဲ့ KPDF ရယ်၊ KIA ရယ် ABSDF ရယ် ပြီးတော့ မိုးကုတ်ဗျူဟာရယ်က ဆုတ်သွားပြီ” ဟု သတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ရရှိခဲ့သည့် နယ်မြေများကို (TNLA) နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တို့က တရုတ်၏ ကြားဝင်ညှိနှိုင်းမှုဖြင့် စစ်ကော်မရှင်တပ်ဆီ ပြန်လည်လွှဲပြောင်းခဲ့ရာ မိုးမိတ်မြို့နှင့် မိုးကုတ်မြို့တို့လည်း ပါဝင်ခဲ့သည်။

သို့ရာတွင် စစ်တပ်က မြို့ပေါ်နေရာများကိုသာ ဝင်ရောက်အုပ်ချုပ်နိုင်ပြီး မြို့နှင့် အနီးတဝိုက်နေရာများတွင် တော်လှန်ရေးတပ်များက ဆက်လက်တပ်စွဲနေရာယူထားခဲ့ပြီးနောက် ယခု ဆုတ်ခွာပေးခဲ့ရခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ဆက်ပြောသည်။

“အဓိကက ပြီးခဲ့တဲ့ ၁၀ ရက်နေ့တုန်းက မိုးမိတ်နဲ့ မိုးကုတ်ကြား တိုက်ရိုက်ဆင်းတဲ့လမ်းရှိတယ်။ ပြီးတော့ မိုးကုတ်ကနေ မိုးမိတ် ကွင်းလမ်းတလမ်းရှိတယ်။ ပြောင်ခေါင်းရွာကနေ တွင်းငယ်ကိုဖြတ်ဆင်းတဲ့လမ်းရှိတယ်။ စစ်ကောင် စီက အဲ့လမ်းကို ရတာနဲ့ တော်လှန်ရေးတပ်တွေက နောက်ဆုတ်ရတဲ့အနေအထားဖြစ်သွားတာပေါ့။ တော်လှန်ရေးအတွက် စိတ်မကောင်းစရာသတင်းပေါ့လေ” ဟု သတင်းရင်းမြစ်က ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့ တွင် TNLA နှင့် မဟာမိတ်တပ်ဖွဲ့များက အဆိုပါ နယ်မြေများကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဒေသတွင်း စစ်ရေးအခြေအနေများနှင့်ပတ်သက်ပြီး မေးမြန်းနိုင်ရန် မိုးကုတ်ဗျူဟာနှင့် တအာင်းတပ် ပြောခွင့်ရသူများထံ မဇ္ဈိမက ဆက်သွယ်ထားဆဲဖြစ်ပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

မဇ္စျိမ